ရန်ကုန်၊ စက်တင်ဘာ ၁၈
နျူကလီးယားနည်းပညာနှင့် ပတ်သက်၍ အဆင့်မြင့် တိုးတက်နေပြီဖြစ်သည့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ကဏ္ဍများတွင် နျူကလီးယားအဆင့်မြင့် နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း အာဆီယံ-တရုတ် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာ အသုံးပြုခြင်းဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပ လျက်ရှိသော အကြိမ်(၂၀)မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲကာလအတွင်း ကျင်းပသည့် ဒုတိယအကြိမ်မြောက် အာဆီယံ-တရုတ် နျူကလီးယား နည်းပညာအား ငြိမ်းချမ်းစွာ အသုံးပြုခြင်း ဖိုရမ်တွင် မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားရာ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာသံအမတ်ကြီးက နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းသည် စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးကဏ္ဍတို့တွင် များစွာအသုံးဝင်၍ ပြည်သူတို့၏ လူနေမှုဘဝအရည်အသွေးကို မြင့်တက်စေပါကြောင်း၊ ]]Atoms for Better Home}} ဆောင်ပုဒ်မှာ လက်ရှိနည်းပညာ ရေစီးကြောင်းဖြင့် ကိုက်ညီပါကြောင်း၊ ယခုအခါ တရုတ်နိုင်ငံမှ နျူကလီးယားနည်းပညာဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များကို အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိနေ ပြီကြောင်းပြော ကြားခဲ့သည်။
အဆိုပါဖိုရမ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အဏုမြူစွမ်းအင်အာဏာပိုင်အဖွဲ့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရနှင့် China National Nuclear Corporation တို့ ပူးတွဲကျင်းပခဲ့သည့် ဖိုရမ်သို့ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအဏုမြူစွမ်း အင် အာဏာပိုင်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေး မှူးနှင့် Chi-na National Nuclear Corporation ၏ ဥက္ကဋ္ဌ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူးချုပ်တို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။