နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အကျိုးစီးပွားများကို အတူတကွ ဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်း တရုတ်သမ္မတ ပြောကြား

ရန်ကုန်၊ ဇွန် ၁၀
    နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ် မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အကျိုးစီးပွားများကို အတူတကွ ဆောင်ကြဉ်းရန် အသင့်ရှိကြောင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပြောသည်။
    မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ် အခါသမယတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြီးအကဲများ သဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့ကြသည်။ မစ္စတာ ရှီကျင့်ဖျင်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှစ၍ (၇၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံအကြားရှိ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် စိန်ခေါ်မှုများကြားမှပင် ပိုမိုရှင်သန်ခိုင်မာလာခဲ့ကြောင်း နှစ်နိုင်ငံလုံးမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်တို့ကို လိုက်နာကျင့်သုံးလျက်ရှိပြီး အိမ်နီးချင်းကောင်း မိတ်ဖက်ဆက်ဆံရေးကို စိတ်ဓာတ်ဖြင့် နှစ်ဖက်အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုနက်ရှိုင်းစေလျက် မိမိတို့နှစ်နိုင်ငံအတွက်အဓိက အရေးပါသည့် အကျိုးစီးပွားနှင့် ဘုံအရေးပါသည့် ကိစ္စရပ်များတွင် နှစ်ဖက်အကြားအပြန်အလှန် ခိုင်မာစွာ ထောက်ခံရပ်တည်ပေး လျက်ရှိကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သော သဝဏ်လွှာတွင်၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ခရီးစဉ်က မိမိတို့နှစ်နိုင်ငံ ဆက်ဆံ‌ရေးစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးစဉ်အတွင်း သာတူညီမျှမှု၊ အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ် အခြေခံသော အေးအတူပူအမျှ တူညီသောအနာဂတ် ကိုမျှဝေပိုင်ဆိုင်သည့် မြန်မာ-တရုတ် အသိုက်အဝန်းကို ထူထောင်ရန် သဘော တူညီခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများမှာ ပိုမို တိုးတက်များပြား လျက်ရှိပြီး အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ မဟာဗျူဟာ မြောက် စီမံကိန်းများကို နှစ်နိုင်ငံနှင့် ပြည်သူများ အကျိုးအတွက် အကောင်အထည်ဖော်လျက်ရှိမှုကများစွာ ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ရေးသားထားသည်။
    ထို့အပြင် မိမိအနေဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကူမင်းမြို့၌ ကျင်းပခဲ့သည့် မဟာမဲခေါင် ဒေသတွင်း ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းက စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေးအစရှိသည့် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ခဲ့ပြီး ထိပ်သီးအစည်းအဝေးကာလအတွင်း ဒေသနှင့်ကမ္ဘာတစ်ဝန်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများကို အတူတကွ ပူးပေါင်းတိုက်ဖျက်မှုများကို အရှိန်အဟုန် မြှင့်တင်ရေးအတွက် ကတိကဝတ်ပြုခဲ့ကြကြောင်း ဖော်ပြထားသည်။
    ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုနက် ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန် အကျိုးရှိမည့် မိတ်ဖက် ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူး ပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြခဲ့သည်။    ထူးမြတ်

Total Views ~ 67

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45604

© 2022 - 2025 News. All Rights Reserved.