နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေရန်အတွက် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်

နေပြည်တော်၊ ဇွန်  ၁၀
    မြန်မာ-တရုတ် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်း ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 
    "မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို အခြေခံကျတဲ့ မူဝါဒအဖြစ် ခိုင်ခိုင်မာမာ ကျင့်သုံးလျက်ရှိပါတယ်။ ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက်လည်း အပြည့်အ၀ ထောက်ခံပေးခဲ့တယ်။ ရှေ့ဆက်လို့လည်း နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက် အကူဖြစ်စေဖို့အတွက် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်တာကို ထပ်လောင်းအတည်ပြု ပြောကြားလိုပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံပြည်သူများအတွက် ရေရှည်တည်တံ့တဲ့ ဘုံအကျိုးစီးပွားနဲ့ ဒေသတွင်းတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ် အနာဂတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနဲ့ သာယာဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်ရေးကို ဆက်လက် ကြိုးပမ်းအားထုတ် သွားမှာဖြစ်တယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။ 
    ဇွန် ၈ ရက်က မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ 
    မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင်ရှိနေကြောင်းသိရသည်။ ထို့ကြောင့် အဆိုပါစီမံကိန်းများကို ဆောလျင်စွာ အကောင် အထည် ဖော်ခြင်းအား ဖြင့် နှစ်နိုင်ငံပြည်သူများ အတူတကွ စဉ်ဆက်မပြတ် သာယာဝပြောဖွံ့ဖြိုးတိုး တက်နိုင်စေမည့် အခွင့်အလမ်းပေါင်းများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
    မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သမိုင်းကြောင်းကို အခြေခံပြီး ၁၉၅၄ ခုနှစ်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းသည် မျက်မှောက်ခေတ် နိုင်ငံတကာ ဆက်ဆံရေး သမိုင်းတွင် စံနမူနာတစ်ခု ဖြစ်စေခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံမှ စတင်၍ မျက်မှောက်ခေတ်ကာလအထိ ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး ငါးချက်ကို လက်ခံကျင့်သုံးနေကြသည်။ 
    ခေတ်သစ်နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မ တနိုင်ငံစတင်ထူထောင်ချိန်၌ ပထမဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၅၀ ပြည့်နှစ် ဇွန် ၈ ရက်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်းကြောင့် ယနေ့ဆိုလျှင် စိန်ရတုကာလကို  ရောက်ရှိခဲ့ပြီဖြစ်သည်။ 
    မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ် ၂၈ရက်က မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုအပြီး ချက်ချင်း ၂၄ နာရီအတွင်း၌ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ပေးခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့မှုများတွင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုနိုင်ရန် တရုတ် ယွမ် ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပေးအပ်ခဲ့သည်။ ကွန်းဈာန်

Total Views ~ 69

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45607

© 2022 - 2025 News. All Rights Reserved.