ရန်ကုန်၊ မေလ ၁၄
ဘောလုံးကွင်း နှစ်ကွင်းစာ အကျယ်အဝန်းခန့်ရှိသည့် ရေနံချောင်းမြို့၏ အကြီးဆုံး ရှေးဟောင်း ရေကန်ကြီးကို ယခုအခါ ပြန်လည် တူးဖော်လျက်ရှိကြောင်း ရေနံ့သာဒင်းဂါးညီနောင်များ အရိပ်ရသစ်ပင်စိုက်၊ ရေတွင်းရေကန်တူးဖော်၊ ရေချမ်းစင်တည်၊ ဇရပ်ဆောက် ထာဝရကုသိုလ်ပြုအဖွဲ့မှ သိရသည်။
အဆိုပါ ရေကန်ကြီးကို ညောင်ကိုင်းကန်ကြီးဟု ခေါ်တွင်ကြပြီး ပြုပြင်ထိန်းသိမ်းမှု မလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ နီးပါး ရှိခဲ့ပြီဖြစ်ကြောင်း ရေနံ့သာဒင်းဂါးညီနောင်များ အရိပ်ရသစ်ပင်စိုက်၊ ရေတွင်းရေကန် တူးဖော်၊ ရေချမ်းစင်တည်၊ ဇရပ်ဆောက် ထာဝရကုသိုလ်ပြုအဖွဲ့မှ ကိုဒင်းဂါးကပြောသည်။
"ဘောလုံးကွင်း နှစ်ကွင်းစာလောက်ရှိတယ်ဗျ။ မတူးဖော်တာ နှစ် ၄၀ လောက် ရှိပြီ။ ကောနေတာပေါ့။ သမိုင်းဝင်လို့ ပြောလို့ရတာပေါ့။ ရှေးဟောင်းဘုရား ခြေရာတော်ရာ တစ်ဆူရှိတယ်။ အဲဒါကို ရွာဦးကျောင်းမှာ ထားထားတယ်။ သမိုင်းပညာရှင်တွေတော့ သိနိုင်ပါလိမ့်မယ်။ အခုရွာဦး ကျောင်းဆရာတော်က သက်တော်(၈၆)နှစ် ရှိပြီ။ သူရဲ့ အဘိုးအဘွားတွေ လက်ထက်မ တိုင်ခင်ကတည်းက ဒီကန်ကြီးက ရှိခဲ့တာလို့ ပြောပါတယ်။ အနည်းဆုံး နှစ်ပေါင်း ၄၀၀ ကျော်တော့ရှိမယ်ဗျ။ ကန်ကို မေ ၁၂ ရက်က စတူးတာ။ အနည်းဆုံးရှစ်ရက်၊ ကိုးရက် လောက်ကြာမယ်။ အကြီးစားတူးဖော်ရမှာ။ အကျယ်အဝန်းက ဘောလုံးကွင်း နှစ်ကွင်းစာလောက်ရှိတယ်။ အနက်က လေးပေလောက်ထပ်တူးမယ်။ နဂိုရှိပြီးသား ငါးပေ လောက်နဲ့ဆိုရင် ကန်အနက်က ကိုးပေ လောက်ဖြစ်သွားမယ်။ ရေကတော့ ဂါလန် သန်း၂၀ လောက်ဆံ့မယ်။ ကျေးငှက်တိရစ္ဆာန်၊ ကျွဲ၊ နွားတွေအတွက် သောက်သုံးရေရမယ်ဗျ။ အနီးဝန်း ကျင်က ဒေသခံတွေ အတွက်လည်း ရေဖူလုံသွားမယ်။ ကန်ပတ် လည်မှာ အရိပ်ရသစ်ပင် ၂၀၀၀ ကျော်စိုက်မယ်"ဟု ၎င်းက ပြောသည်။
ညောင်ကိုင်းကန်ကြီးမှာ ရေနံချောင်းနှင့် မကွေးမြို့ကြားတွင် တည်ရှိပြီး နွေရာသီ ရေရှားမှုမဖြစ်စေရန် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ကန်တူးဖော်ရာတွင် အစောင့်အရှောက် ကြီးမား ခြင်းကြောင့် ပွဲပေးတူးဖော်ရကြောင်း သိရသည်။