ရန်ကုန်၊ သြဂုတ် ၁၃
ပဋိပက္ခများအတွင်း နိုင်ငံနှင့်တစ်ဝန်း စီးပွားရေး၊ လူမှုရေးမှစ၍ အထွေထွေအကြပ်အတည်းများ ပိုမိုဆိုးရွားလာနေသည်ကို တွေ့မြင်နေရကြောင်းနှင့် စစ်ပွဲများအတွင်း စစ်မက်နှင့်မသက်ဆိုင်သော ပစ်မှတ်များအား အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကို ရှုတ်ချကြောင်း မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေများအပေါ် ပြည်သူ့ရှေ့ဆောင်ပါတီသဘောထား ထုတ်ပြန်ကြေညာချက် ထုတ်ပြန်လိုက်သည်။
လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုများကြောင့် နိုင်ငံနှင့်တစ်ဝန်း စီးပွားရေး၊ လူမှုရေးမှစ၍ အထွေထွေ အကြပ်အတည်းများ ပိုမိုဆိုးရွား လာနေသည်ကို စိုးရိမ်ဖွယ်ရာ မြင်တွေ့နေရ ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဖြစ်ပွားခဲ့သော စစ်မက်ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ သတ်ဖြတ်ခံရခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုများနှင့် ပြည်သူပိုင် အခြေ ခံအဆောက်အအုံများ ပျက်ဆီးဆုံးရှုံးနေရခြင်းစသည့် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များစွာကို ပြည်သူအားလုံး တွေ့ကြုံခံစားနေကြရကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။
ဆက်လက်၍ ပဋိပက္ခများအတွင်း စစ်ရေးနှင့်မသက်ဆိုင်သော ပစ်မှတ်များဖြစ်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူအများသို့ ဝန်ဆောင်မှုပေးနေသော စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အခြားပြည် သူ့ဝန်ဆောင်မှုများကို တိုက်ခိုက်ဖျက်ဆီးနေမှုများ အားလုံးအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ စစ်မီးကူးစက်မှု ပိုမိုပြင်းထန်လာပြီး နီးစပ်ရာမြို့ရွာများသို့ စစ်ဘေးပျံ့နှံ့ လာသဖြင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကာ လူမှုစီးပွားဘဝများလည်း ပျက်စီးဆုံးရှုံးရ လျက်ရှိကြောင်း ဖော်ပြထားသည်။
စစ်ပွဲများ အမြန်ဆုံးရပ်တန့်ကာ အပစ်အခတ်ရပ်စဲရေးအတွက် စောလျင်စွာ ချည်းကပ် ဆောင်ရွက်ကြပါရန် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသည့် စစ်ဖက်အဖွဲ့အစည်းများအားလုံးအား မေတ္တာရပ်ခံတောင်းဆိုကြောင်း၊ နိုင်ငံရေးစစ်ရေးမတည်ငြိမ်မှုများအပြင် သဘာဝဘေးအန္တရာယ်များကိုလည်း ပြင်းထန်စွာခံစားနေရသော ပြည်သူလူထု၏ မြေပြင်ပကတိ ကြုံတွေ့ရင်ဆိုင် နေရသော အခက်အခဲပြဿနာများကို ဝိုင်းဝန်းကူညီဖြေရှင်းကြပြီး ပြည်သူအားလုံး၏ အနာဂတ်ဘဝများအတွက် ရှေးရှုဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စုပေါင်းချမှတ်ကာ ပြည်ထောင်စုသားအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြပါရန် လေးနက်စွာ သဘောထား ထုတ်ပြန်တိုက်တွန်းထားသည်။
ထူးမြတ်