၂၀၂၃ စက်တင်ဘာ ၁၈
ပါတီတွင် နာယကအဖြစ်သာ နေရာယူပြီး လူငယ်များကို နေရာပေးပွဲထုတ်ကာ ပါတီကို လူငယ်များဖြင့် ဦးစီးလုပ်ကိုင်သွား မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီ ညွတ်ရေးပါတီ တည်ထောင်သူ ဦးကျော်ဇေ ယျက ပြောကြားလိုက်သည်။
"ပါတီတည်ထောင်ခွင့် ခွင့်ပြုပြီ။ နဂိုတုန်းကတော့ ပြည်ထောင်စုအဆင့်မှန်းထားတာ။ အခု ပြန်တင်တဲ့အခါကျတာ့ တိုင်းအဆင့်ဆိုပြီး ပြန်တင်ရတယ်။ အရင်တုန်းက ပိုက်ဆံသွင်းဖို့တွေ၊ ဘာတွေမှာ ရန် ပုံငွေ သိန်းတစ်ထောင်ဆိုပေမယ့် အခု ကတိုင်းအဆင့်ဆိုတော့ သိန်း ၁၀၀ ဖြစ်မယ်။ တိုင်းအဆင့်ဆိုတော့ အန်ကယ်တို့က လူငယ်တွေနဲ့ပဲ ရှေ့ထုတ်ဖို့လုပ်နေတယ်။ အန်ကယ်တို့တောင်မှ ပါတီရဲ့ နာယကသ ဘောမျိုးလောက်ပဲ လုပ်တော့မယ်။ အသက် (၆၀) ကျော်တဲ့ သူတွေကို ပါတီဥက္ကဋ္ဌ တို့၊ အတွင်းရေးမှူးတို့ နေရာမယူတော့ဘူး၊ အဲဒီလိုမူချပြီး လုပ်ဖို့စဉ်းစားနေပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ပါတီအနေနဲ့ လူငယ်များနဲ့ ဦးစီးသွားပါမယ်"ဟု ဦးကျော်ဇေယျက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီအနေဖြင့် ယခင်က ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် ပါတီအဖြစ် နိုင်ငံရေးပါတီတည်ထောင်ရန် ရည်ရွယ်ခဲ့သော်လည်း အခက်အခဲတချို့၊ အခြေအနေ တချို့ကြောင့် ပဲခူးတိုင်းဒေသကြီးအခြေစိုက် တိုင်းဒေသကြီးအဆင့် စည်းရုံးမည့် ပါတီ အဖြစ် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ ခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်(UEC)ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ် ရေးပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ ရှိရ၍ စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုခဲ့ပြီး ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းနည်းဥပဒေ (၇) နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဟု အသိပေးကြေ ညာထားသည်။