Breaking

ပါတီများအားလုံး တွေ့ဆုံညှိနှိုင်းပြီးမှသာ နိုင်ငံရေးပါတီများအစုအဖွဲ့  UPDJC ကို  ပြန်လည်ဖွဲ့စည်းနိုင်မည်

၂၀၂၄ ၊ မတ် ၁၂
    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော ပါတီများအားလုံး တွေ့ဆုံညှိနှိုင်းဆွေး နွေးပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေး ပါတီများအစုအဖွဲ့ကို  ပြန်လည်ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
    "အစိုးရကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃၊ ၁၄ ရက်မှာတွေ့တော့ UPDJC ဖွဲ့ဖို့အတွက်ကို ပြောပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာက နိုင်ငံရေးပါတီများအစုအဖွဲ့ UPDJC ကို ဖွဲ့လို့မရသေးဘူး။ ပါတီတွေ အားလုံးဆုံပြီးမှ ဘယ်လိုဖွဲ့ကြမလဲဆိုတာ ပြန်သုံးသပ်ရဦးမှာပါ။ ဘယ်လိုရွေးကောက် ပွဲလုပ်ကြမလဲဆိုတာကို ပါတီတွေစုဖွဲ့ပြီး အရင်ဆွေးနွေးရဦးမှာ။ အခုလောလောဆယ်က ပါတီတွေက မလာနိုင်ကြသေးဘူး။ကချင်ပြည်နယ်တို့ဘက်က မလာနိုင်သေးဘူး။ ရန်ကုန်က ပါတီတွေချည်းပဲ ဖွဲ့လို့မရဘူး၊ တိုင်းရင်းသားတွေလည်း ပါရမှာလေ။ အဲဒီတော့ သူတို့နဲ့ နေပြည်တော်မှာ ဆုံရင် အရင်ညှိရဦးမယ်။ ဘယ်နေ့လုပ်ကြမလဲ ညှိပြီးမှ သွားရမှာပါ"ဟု ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
    UEC ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်အထိ  နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိပြီးဖြစ်သော ပါတီပေါင်း ၄၆ ပါတီရှိနေသည်။ လာမည့်မတ်လ ၂၇ ရက်တွင် နေပြည်တော်၌ ပြု လုပ်မည့် တပ်မတော်နေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများ တက်ရောက်ရန် ရှိနေပြီး ပါတီတာဝန်ရှိ သူများ စုံစုံညီညီတက်ရောက်စဉ် နိုင်ငံရေးပါတီများ အစုအဖွဲ့ UPDJC ကို ပြန်လည်ဖွဲ့စည်းနိုင်ရေးကိစ္စ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
    "ပါတီတွေ စုံပြီဆိုရင်တော့ UPDJC ဖွဲ့မယ်လို့ ထင်ပါတယ်။ အခုက မှတ်ပုံတင်မကျသေးတဲ့ ပါတီတွေက ရှိနေ သေးတော့ ပါတီအားလုံးကို UEC က မှတ်ပုံတင်ခွင့်ပြုပြီးဆိုရင်တော့ ပါတီအားလုံးကို ခေါပြီးတော့ UPDJC ပြန်ဖွဲ့မှာပေါ့"ဟု ပြည်သူ့ပါတီဝင် ဦးလှဌေးက မှတ်ချက်ပြုသည်။
    ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ(UPDJC)ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် သုံးခုပေါင်းထားသည့် အစုအဖွဲ့၊ အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နှင့်  နိုင်ငံရေးပါတီများအစုအဖွဲ့များမှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် (UEC) အရ ၂၀၁၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်း ထားခဲ့ကြောင်း သိရသည်။

Total Views ~ 344

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43953

© 2022 - 2025 News. All Rights Reserved.