ရန်ကုန်၊ ဇွန် ၂၅
သွင်းကုန် လိုင်စင်ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ဇူလိုင် ၁ ရက်မှစတင်၍ ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။
၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီအရေးယူမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူး သန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၃/၂၀၂၄ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။
သို့သော်လည်း လိုက်နာဆောင် ရွက်မှုမရှိဘဲ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်း ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည့်အတွက် လိုင်စင်မရှိဘဲ ဝင်ရောက်နေသည့် ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်ပါမစ်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ထပ်မံနှိုးဆော် အသိပေးကြေညာထားသည်။