၂၀၂၃ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း ပြည်ပခရီးသွားများ ယခု ဒီဇင်ဘာလအတွင်း လာရောက်လည်ပတ်မှု များပြားလျက်ရှိပြီး ယခုလ ပထမပတ်အတွင်း ပြည်ပနိုင်ငံသားခရီးသွား ၂၃၀ ကျော်ဝင် ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာ အားလပ်ရက် ရုံးရက်ရှည်ပိတ်ရက်ကာလ၊ ခရစ္စမတ်နှင့် နှစ်ကူးကာလများတွင် လာရောက်လည်ပတ်ရန်အတွက် ဟိုတယ်များတွင် အခန်းကြိုတင်မှာယူထားမှုများလည်း များပြား လျက်ရှိကြောင်း သိရသည်။
"ပုံမှန် ဒီဇင်ဘာခရစ္စမတ်၊ နှစ်ကူးကတော့ အစောကြီးကတည်းက ပြည့် တယ်။ အခု အခန်းအကုန်တော့ မပြည့်သေးဘူး။ ရောင်းတာကတော့ ရောင်းတုန်း။ ကြိုတင်ယူတဲ့သူများတယ် အကုန်မပြည့်သေးတာပဲရှိတယ်"ဟု Golden Classic Hotel Bagan မှ မန်နေဂျာ ကိုကောင်းခန့်ကပြောသည်။
ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ယခုကဲ့သို့သောဆောင်းရာသီ ဒီဇင် ဘာလတွင် နှစ်စဉ် ပုံမှန်ထက်ပို၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည် ပတ်လေ့ရှိရာ စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်များ၊ ကျောင်းပိတ်ရက်များတွင် နေ့ချင်းပြန် ခရီးသွားဘုရားဖူးများ လာရောက်လည်ပတ်မှု များပြားလျက်ရှိသည့်အပြင် ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အတွင်း ပြည်ပနိုင်ငံ သားခရီးသွား ၂၃၂ ဦးလည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ် မိုးရာသီအတွင်း ပုဂံရှိ ဘုရားပုထိုး အချို့ပရဝဏ်နှင့် လမ်းများအတွင်း ရေဝင်ရောက်မှု များရှိခဲ့ရာ နိုင်ငံတော်မှ ရှေးမူလက်ရာမပျက် ပြန်လည်ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများ အချိန်နှင့်တစ် ပြေးညီ ဆောင်ရွက်ခဲ့ခြင်းကြောင့် လာရောက်လည် ပတ်ဖူးမြော်သူများသည် သမိုင်းဝင် အထင်ကရ ဘုရားများအား စိတ်အေးချမ်းစွာ ဖူး မြော်နိုင်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီဆွဲကြခြင်း၊ Balloons (မီးပုံးပျံ)စီး ခြင်း၊ မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက် ငှားစီးခြင်းများ ပြုလုပ်အပန်းဖြေနိုင်ကြောင်း သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ ဘုရားစေတီပုထိုး၊ သာသနိက အဆောက်အအုံများ တွင်ရှိသည့် ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ တည်ဆောက်ပုံမတူ ညီသည့် ဘုရားအစုအဝေးများသည် ပြည်တွင်းပြည်ပ နိုင်ငံသားများအား စိတ်ဝင်တစား လာရောက်လေ့လာရန် အဓိကဆွဲဆောင် လျက်ရှိပြီး ရှေးဟောင်းနယ်မြေအတွင်း နေထွက်၊ နေဝင် ကြည့်ရှုနိုင်ရန် တောင်ကုန်းတုများ ဖန်တီးပေးထားသကဲ့သို့ ငှက်ဝါသနာရှင် များသည် ရှားပါးငှက်များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ ဒီဇင်ဘာ အားလပ်ရက် ရုံးပိတ်ရက်များတွင် ပုဂံသို့ ပြည်တွင်းပြည်ပ ခရီးသွားနေ့စဉ် တစ်သိန်းမှ တစ်သိန်းခွဲဝန်းကျင်လာရောက်လေ့ရှိရာ ပုဂံ-ညောင်ဦးတွင် ဖွင့်လှစ်ထားရှိသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၈၁ လုံးတွင်လာရောက်တည်းခို သူများမှာ နှစ်စဉ်နှစ်တိုင်း အပြည့်ဖြစ်သည်ဟု သိရသည်။