၂၀၂၄ ဇန်နဝါရီ ၂၁
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်လေဆိပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဇန်နဝါရီလ (၂၀) ရက် နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့မိမြို့ ဖများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေဆိပ်သို့ ရောက်ရှိကြရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လေဆိပ် သမိုင်းအကျဉ်း၊ နိုင်ငံတော်အကြီး အကဲ၏လမ်းညွှန်မှာကြားချက်များနှင့်အညီ လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လျာထားဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ရှင်းလင်းတင်ပြမှုအပေါ် နစက ဥက္ကဋ္ဌက ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ပြီး လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ပြီး လုပ်ငန်းအ ဆင့်အလိုက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဆော င်ရွက်သွားကြရန်လိုကြောင်းလည်း မှာကြားခဲ့သည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် နာမည်ကျော် ကမ်းခြေများအပါအဝင် သဘာဝအလှအပများ၊ ဒေသထွက် အစားအသောက်များနှင့် အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့်အတွက် လေဆိပ်အဆင့်မြှင့်တင်ခြင်းအပြင် တိုင်းဒေသကြီးအတွင်းရှိ ကားလမ်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်း ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေး လမ်းကြောင်းများကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး လမ်းကြောင်းများပေါ်ရှိ မြို့ရွာများ စနစ်ကျနမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးနှင့် မြို့ပြစီမံ ကိန်းများအနေဖြင့် စနစ်ကျနမှု ရှိစေရန်အတွက်လည်း နစက ဥက္ကဋ္ဌက တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊
ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဒေါက်တာ ညွန့်ဖေ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။