၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ၂၀၂၃ ခုနှစ် တွင် MSMEs လုပ်ငန်း ၁၈၃ ခုအတွက် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ထုတ်ချေးပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ငန်း ၃၁ ခုအတွက် ငွေကျပ် သုည ဒသမ ၅၉၅ ဘီလီယံ ထပ်မံထုတ်ချေးပေးနိုင်ခဲ့ရာ တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများအတွက် မတည်ရင်းနှီးရန်၊ ကုန်ထုတ်လုပ်မှုတိုး တက်စေရန်၊ နည်းပညာဖွံ့ဖြိုးရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး စုစုပေါင်း ငွေကျပ် ၂ ဒသမ ၀၉၅ ဘီလီယံ ထုတ်ချေးပေးထားနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာခြင်းနှင့်အတူ ပြည်တွင်း ထုတ်လုပ်မှုမြင့်မားခြင်း၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ခြင်း၊ အလုပ်အကိုင်ဖွံ့ဖြိုးတိုး တက်လာခြင်းနှင့် ကုန်ကြမ်းပစ္စည်းတင်ပို့မှုအစား တန်ဖိုးမြှင့်ပို့ ကုန်များတင်ပို့လာနိုင်ခြင်းဖြင့် ဝင်ငွေပိုမို တိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
"ဒေသထွက်ကုန်ပစ္စည်းများ ပို့ကုန်စွမ်းအားမြှင့်တင်နိုင်ရေးနဲ့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်များ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိသလို MSMEs လုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်ရေးအတွက် ချေးငွေရရှိရေး၊ နည်းပညာရရှိရေး၊ အသေးစားစက်မှု လုပ်ငန်းလိုင်စင်ရရှိရေးနဲ့ FDA ထောက်ခံချက်ရရှိရေး စဉ်ဆက်မပြတ် ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
"တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းတူအစုအဖွဲ့များ ပေါင်းစုပြီး သမဝါယမ အသင်းအစု အဖွဲ့များဖွဲ့စည်ပြီး ကဏ္ဍအလိုက် ကိုယ်စားပြုအဖွဲ့ခေါင်းဆောင်တွေ ရွေးချယ်မယ်။ တိုင်းဒေသကြီး MSMEs လုပ်ငန်းရှင်များ အသင်းကိုလည်း ဖွဲ့စည်းပေးသွားမှာ ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ကုန်ပစ္စည်းအလိုက် ပြည်တွင်းသုံးကုန် အဆင့်ကနေ ပြည်ပပို့ကုန်အဆင့်ထိ မျှော်မှန်းဆောင်ရွက်သွားရမှာဖြစ်ပြီး လိုအပ်တဲ့ ပြည်ပဈေးကွက် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြော သည်။
ဖေဖော်ဝါရီ ၂၃ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသော MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။