၂၀၂၃ အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၄ ခုနှစ် မိုးစပါးစိုက်ဧက ၂၆ သိန်း ကျော်အနက် အောက်တိုဘာလ ၁၅ ရက် အထိ မိုးစပါးဧက ငါးသိန်းကျော် ရိတ်သိမ်း ပြီးစီးခဲ့ပြီး မိုးစပါးတစ်ဧကလျှင် ၉၁ တင်း ကျော် ထွက်ရှိကြောင်း အစိုးရအဖွဲ့သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၁၆ ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ် မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက် နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအ ဝေးကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးများအတွက် ထိခိုက်ပျက်စီးမှု အနည်း ဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက"ပဲခူး ခရိုင်အတွင်း ရေကြီးနစ်မြုပ်ခဲ့တဲ့ မိုးစပါးစိုက် ဧကများအတွက် ထိခိုက်ပျက်စီးမှု အနည်းဆုံးနဲ့ ရိတ်သိမ်းနိုင်ရေး စက်မှုလယ်ယာဦး စီးဌာနမှ စပါးရိတ်သိမ်းခြွေလှေ့စက်တွေ သက်ဆိုင်ရာ ဒေသကို ချက်ချင်းရောက်ရှိနိုင် ရေး ချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
နှစ်စဉ်ရေဝင်ရောက်တဲ့ မြေနိမ့်ပိုင်းက လယ်မြေတွေမှာ ရေမြုပ်ခံစပါးမျိုးတွေ စိုက်ပျိုးဖို့ လိုအပ်ပြီး မိုးရေချိန်နည်းပါးတဲ့ ဒေသတွေမှာ ရေအနည်းလိုစပါးမျိုးတွေ စိုက်ပျိုးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ လာမယ့်ဆောင်းရာသီ သီးနှံစိုက်ပျိုးမယ့် ဒေသအလိုက် မျိုးကောင်းမျိုးသန့်တွေ ကြိုတင်စုဆောင်းထားဖို့ လိုအပ်ပါတယ်ဓဟုပြောသည်။
ပဲခူးမြို့နယ်အတွင်း အောက်တိုဘာ ၆ ရက်မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် အောက်တိုဘာလ ၁၀ ရက်အထိ ယာယီရေဘေးရှောင် စခန်း ၄၇ ခု၊ ရေဘေးသင့်ပြည်သူ ၂၇၃၀၂ ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးတို့အား အခက်အခဲမရှိ ကူညီ ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။