၂၀၂၄ ၊ ဧပြီ ၃၀
၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေး မျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP) အား ပုံမှန်ဈေးနှုန်း အရ ၃ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်းနှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးအား နှစ်အလိုက်ဈေးနှုန်းအရ ကျပ်၂ ဒသမ ၇၈၈ သန်း အကောင်အထည်ဖော်ရန် လျာထားကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
စီမံကိန်းပါ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် စောင့်ကြည့်သုံးသပ်ခြင်းနှင့် ချင့်ချိန်ဆုံးဖြတ်မှုတို့ဖြင့် လျာထားချက်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းပြောသည်။
နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်နဲ့အညီ တိုင်းဒေသကြီးအတွင်း သာယာဝပြောရေး၊ စားရေ ရိက္ခာဖူလုံရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင်နိုင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုး တက်မှုရရှိစေဖို့အတွက် ၂၀၂၄-၂၅ ဘဏ္ဍာ ရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများကို ရေးဆွဲအတည်ပြုပြီး တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုး လုပ်စဉ် သဘောမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်တဲ့ လုပ်ငန်းတာဝန်များအဖြစ် ခံယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။
ဧပြီလ ၂၅ ရက်က ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတွင် တိုးတက်မှုနှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၂၉ ဒသမ ၈ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃၀ ဒသမ ၈ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၃၉ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်းနှင့် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ရည်မှန်းချက်များအပေါ် ၅ ဒသမ ၅ တိုးတက်အောင် ရည်မှန်း ထားသော်လည်း ဘဏ္ဍာနှစ်ကုန်တွင် ၇ ဒသမ ၃ ရာ ခိုင်နှုန်းအထိ တိုးတက်အောင် အကောင်အ ထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။