ပြည်တွင်း ကားဈေးကွက်၌  EV ကားများဝယ်လိုအား မြင့်တက်နေ

ရန်ကုန်၊ အောက်တိုဘာ ၉
    လက်ရှိ ပြည်တွင်းကားဈေးကွက်အတွင်းတွင် EV ကားများ ဝယ်လိုအား မြင့်တက်လာကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်အသင်း(MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်ကပြောကြားခဲ့သည်။
    "EV ဝယ်လိုအားကတော့ တက်လာပါတယ်။ ဒါပေမဲ့လည်း EV ကလက်ရှိတော့ မြို့ပြအတွက် Demand ပေါ့။ တခြားနယ်ပယ်တွေမှာလည်း EV အတွက်သုံးဖို့ Ready မဖြစ်သေးဘူးပေါ့။ အချိန်တစ်ခု ရောက်ရင်တော့ ဖြစ်လာမှာပါ။ အဓိကက Infrastructure တွေ၊ Power Supplies တွေ လိုတဲ့အတွက် ကိုယ့်မြို့ ပြမှာနေတဲ့သူတွေ အတွက်ကတော့ မနှစ်ကငါးယောက်ရှိရင် ဒီနှစ်မှာ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိလာနိုင်တယ်။ Demand တော့ တက်လာတယ်။ EV ဝယ်လိုအားကလည်း မနှစ်ကထက်စာရင်တော့ များလာပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
    ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ လျှပ်စစ်ယာဉ် (EV)တင်သွင်းခြင်းကို ဦးစားပေးအဆင့်ထားရှိကာ အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ EV လျှပ်စစ်ကားများ တင်သွင်းရောင်းချခြင်းအတွက် ကုမ္ပဏီ ၁၀၀ ကျော်ကို တရားဝင်တင်သွင်းရောင်း ချခွင့်ပြုထားရာမှပြည်တွင်းသို့ အစီးရေ ၅၀၀၀ ခန့် တင်သွင်းထားပြီး တရားဝင်တင်သွင်းခွင့်ရထားသည့် ကုမ္ပဏီ ၁၀၀ ကျော်အထဲမှ ကုမ္ပဏီအချို့ကသာ တင်သွင်းရောင်းချနေကြောင်း၊ ထို့အပြင် EV ကားဈေးမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။
    "ပြည်တွင်းမှာက ထုတ်လုပ်တဲ့ ကားကမရှိဘူး။ ပြည်ပကနေ တင်သွင်းလာ တာကျတော့လည်း ဘယ်ကိုင်းကလည်း ပါမစ်က ချမပေးဘူးဆိုတော့ EV ကားတစ်မျိုးတည်းပဲ သွင်းလို့ရတယ်။ EV ကားကလည်း အခု ပါမစ်အရေအတွက် ကန့်သတ်ထားတဲ့ အခါကျတော့ EV ကားတွေက ဈေးနည်းနည်း ခုန်တက်သွားတာကို တွေ့ရတယ်"ဟု မော်တော်ကားရောင်းဝယ်ရေး(ရန်ကုန်) လူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ကားဈေးကွက်သည် တင်သွင်းမှု မရှိသည့်အတွက် တစ်ပတ်ရစ်ကားများကိုသာ ဝယ်ယူသည့် ဈေးကွက်သာရှိသောကြောင်း၊ မော်တော်ကားရောင်းဝယ်ရေး လုပ်ငန်းရှင်များအနေဖြင့် မူဝါဒအသစ်ထွက်ရှိရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။ သက်မှုး

Total Views ~ 327

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43742

© 2022 - 2025 News. All Rights Reserved.