Breaking

ပြည်တွင်း Classical Guitar ပညာရှင်များနှင့် ဝါသနာရှင်များ ပါဝင်တီးခတ်ကြမည့် Classical Guitar ပွဲ ကျင်းပမည်

နေပြည်တော်၊ ဇူလိုင် ၉
    ပြည်တွင်း Classical Guitar ပညာရှင်များနှင့် ဝါသနာရှင်များ ပါဝင်တီး ခတ်ကြမည့် Classical Guitar ပွဲကို ရန်ကုန်မြို့ ဝန်ကြီးများရုံးရှိ The Lantern House Yangon  တွင် ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ 
    Classical Guitar ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ Classical Guitar သမားများ တီးခတ်ဖို့ရာအတွက် နေရာတစ်ခု ဖန်တီးခြင်းနှင့် မျိုးဆက်သစ်များ စိတ်ပါဝင်စားမှုရှိလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးလင်းမိုးက ပြောသည်။ 
"အဓိကတော့ ပွဲဆိုတာထက် Classical Guitar သမားတွေကို တီးဖို့နေရာ ဖန်တီးပေးတာ။ အဓိကရည်ရွယ်ချက်က မျိုးဆက်သစ်တွေ တီးချင်လာအောင် မျိုးဆက်သစ်ကို ရည်ရွယ်တယ်။ အခုပွဲက Concept ရယ်လို့ မဟုတ်ဘူး။ Getharing ဆန်ဆန်စုတီးကြတဲ့ သဘောမျိုး။ CLASSIC ကို နှိုးဆွတဲ့သဘော မျိုး။ လူငယ်တွေ တီးချင်လာအောင်ရယ်၊ လက်ရှိတီးနေတဲ့သူတွေ တီးဖို့နေရာမရှိဘူး။ အဲဒီအတွက် ရည်ရွယ်တယ်။ ပြည်တွင်းမှာက CLASSIC ကအားနည်းတယ်။ ပွဲကလည်း မလုပ်ဖြစ်တာ အတော်ကြာနေပြီ။ လုပ်ဖြစ်ခဲ့တာလည်း ကျွန်တော်သိသလောက်ဆိုရင် ရန်ကုန်မှာ နှစ်ပွဲ၊ မန္တလေးမှာ တစ်ပွဲ။ အခုပွဲက ဂီတအစည်းအရုံးမပါဘူး။ တီးနေတဲ့သူတွေကပဲ တီးဖို့နေရာဖန်တီးတာ။ အဖွဲ့အစည်းမပါဘူး။ နေရာက ဝန်ကြီးများရုံးထဲက ကိုရိုးစာအုပ်ဆိုင်မှာ လုပ်မှာ။ အခုလောလောဆယ် ပါဝင်တီးခတ်ကြမှာက ၁၁ ယောက်လောက်ရှိတယ်။ SOLO ကြီးပဲတီးမှာ။ ဒီပွဲမှာ ပါဝင်ချင်တဲ့သူတွေကို စာရင်းတောင်းထားတယ်။ ပန်းဖလက်လုပ်မယ်။ မန္တလေးက ကလေးတွေက လာတီးချင်တယ်။ စာမေးပွဲနဲ့ တိုက်နေတယ်လို့ပြောတယ်။ ဒီပွဲမှာ ပညာရှင်တွေရော၊ ဝါသနာရှင်တွေရော ပါမယ်။ ပြည်တွင်းနဲ့ပြည်ပဆိုရင် ယှဉ်လို့မရသေးဘူး၊ နံပါတ်(၁) အချက်ပေါ့။ တီးနိုင်တဲ့ သူတွေရှိတယ်။ Classical သမားဆိုရင် တကယ်ကို တီးနိုင်ခတ်နိုင်တဲ့ Classical သမားတွေ တောင်လန့်တယ်။ Classical ဆိုတာ နတ်ဘုရားမှတီးရတဲ့ ဂီတမျိုးလို ဖြစ်နေတယ်။ နောက်တစ်ခုက ပျင်းဖို့ကောင်းတယ်။ ဒီကလူတွေက Classical တီးရမယ်ဆိုရင် ရှောင်တယ်။ ရှေးရှေးက ဆရာကြီးတွေက Classical ကို တီးဖို့ကို အရမ်းခက်ပြီးတော့ မဖြစ်နိုင်တဲ့ ကိစ္စပေါ့။ Lead တောင် မတီးနိုင်ဘဲ Classical တီးမှာလားတို့၊ အဆင့်ကျော်တယ်တို့ အဲဒီလောင်းရိပ်က အများကြီးရှိတယ်။ တကယ်တော့ သင်လို့လည်းရတယ်။ တီးလို့လည်းရတယ်။ ခက်တာတော့ ဘယ်အရာ၊ ဘယ်ဂီတဖြစ်ဖြစ် ခက်တာပဲ။ အဲဒီတော့ အဲဒါကတော့ ပြင်သင့်တယ်။ ပြည်ပမှာ သွားတီးတဲ့ ပညာရှင်တွေ ရှိတယ်။ ဥပမာ ဦးသက်ရွှေဆိုရင် ထိုင်းမှာသွားပြီးတော့ Classical နဲ့ အသက်မွေးဝမ်း ကျောင်းပြုတယ်။ ပြင်သစ်မှာ ဘွဲ့ယူခဲ့တာ ဒီဂီတနဲ့။ ဒီလိုထူး ချွန်သူတွေရဲ့နောက်မှာ မျိုးဆက်က ဟသွားတယ်။ ပညာရှင်နည်းတယ်။ အခုနောက်ပိုင်းတော့ စိတ်ပါဝင်စား တဲ့ ကလေးတွေ များလာတယ်"ဟု ၎င်းက ပြောသည်။ 
    ၂၀၁၆ ခုနှစ်က မန္တလေးမြို့တွင် Myanmar Classical Guitar Concert  ကိုပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်က ရန်ကုန်မြို့ Rose Garden တွင် Myanmar International Classical Guitar Festival 2017 ကို ကျင်းပခဲ့သည်။ 

Total Views ~ 226

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43848

© 2022 - 2025 News. All Rights Reserved.