၂၀၂၃ စက်တင်ဘာ ၂၅
ပြည်တွင်း ဖူဆယ်ပြိုင်ပွဲများဖြစ်သည့် MFF Futsal Women Cup 2023 ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် လည်းကောင်း၊ MFF Futsal League(1) ပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်တွင် လည်းကောင်း၊ MFF Futsal Championship 2023ပြိုင်ပွဲကို နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း၊ MFF Futsal League (2) ပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ တွင် လည်းကောင်း စတင်ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင် ပြင်ကော်မတီမှ သိရသည်။
MFF Futsal League (1) Leag-ue (2) ပြိုင်ပွဲများအတွက် ပွဲကြိုညှိနှိုင်း အစည်းအဝေးနှင့် League (2) ခြေစစ်ပွဲများအတွက် မဲခွဲပွဲကို စက်တင်ဘာ ၁၉ရက် မွန်းလွဲပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်း စာရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့ပြီးအစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ League (1) နှင့် Lea-gue (2) ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး MFF Futsal League (2) ၂၀၂၃ ပြိုင်ပွဲအတွက် ခြေစစ်ပွဲစဉ်များ မဲခွဲမှု ပြုလုပ်ခဲ့သည်။
ခြေစစ်ပွဲစဉ်များကို ပြိုင်ပွဲဝင်အသင်း ကိုးသင်းဖြင့် သုံးသင်းပါအုပ်စု သုံးစုခွဲကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမနှင့် ဒုတိယ အသင်းများ၊ အကောင်းဆုံးတတိယနှစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
အုပ်စု (က)တွင် Seven FC ၊ Noka United FC ၊ Black Cross FC ၊ အုပ်စု(ခ)တွင် SGF FC ၊ Sun Far FC? City Dagon FC ၊ အုပ်စု(ဂ)တွင် Yangon Royal Group၊ Maryar FC ၊ KKY FC တို့ ပါဝင် သည်။ ခြေစစ်ပွဲများကို အောက်တိုဘာ ၂၁၊ ၂၂ ၊ ၂၃ ရက်များတွင် MFF Futsal Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။