ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ နေပြည်တော်တွင် တွေ့ဆုံမည်

ရန်ကုန်၊ သြဂုတ် ၂၁
    လာမည့် သြဂုတ်လ ၂၄ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ နေပြည်တော်တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းမှ သိရသည်။ 
    "UEC နဲ့ ပါတီတွေ ၂၄ ရက်မှာ တွေ့ကြမယ်။ မှတ်ပုံတင်ကျပြီးသား နိုင်ငံရေးပါတီတွေ အားလုံးနဲ့ နေပြည်တော်မှာတွေ့မှာ"ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြောသည်။
    သြဂုတ် ၁၉ ရက်အထိ UEC မှ မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည့် နိုင်ငံရေးပါတီ ၅၀ ခန့်အထိ ရှိနေပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကလည်းနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများနှင့် မကြာခဏ တွေ့ဆုံမှုများ ပြုလုပ်လျက်ရှိသည်။ လာမည့်တွေ့ဆုံပွဲတွင်လည်း UEC အနေဖြင့် ရွေးကောက်ပွဲကိစ္စ၊ မဲစာရင်းပြုစုခြင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ ကိစ္စရပ်များ ပြောကြားမည်ဟု ယူဆကြောင်း ဖက်‌ဒရယ်ဒီမို ကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ(၁) ဦးရန်နိုင်ဝင်း က မှတ်ချက်ပြုသည်။
    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုတွင် လာမည့်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံရေးပါတီများနှင့်အတူ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ထည့်သွင်းပြောကြားခဲ့ သည်။
    ထို့အပြင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြင်ဆင်လျက်ရှိပြီး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများကို ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရေး ကြီးကြပ်ပေးရမည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များကိုလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
    မဲစာရင်းများပြည့်စုံမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ရရှိစေရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံ့ဂုဏ် သိက္ခာကျဆင်းခဲ့ရသကဲ့သို့ ပြည်သူလူထု၏ ယုံကြည်မှုပါ ဆုံးရှုံးခဲ့ရသည့်အတွက် လာမည့်ရွေးကောက်ပွဲသည် ဂုဏ်သိက္ခာနှင့်ယုံကြည်မှုပြန်လည်ရယူနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည့် ရွေးကောက်ပွဲပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ရေး ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကော်မရှင်မှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြား ထားသည်။
ညီသစ်

Total Views ~ 160

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43811

© 2022 - 2025 News. All Rights Reserved.