၂၀၂၄ ၊ မတ် ၅
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်ပတင်ပို့နိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းရှင် ၃၈ ဦးမှ ရေငန်ပုစွန်မွေးမြူရေးဧက ၈၀၀၀ ကျော် ထပ်မံတိုးချဲ့ မွေးမြူလုပ်ကိုင် ခွင့်လျှောက်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
"ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းက ပြည်ပသို့ စီးပွားဖြစ်တင်ပို့နိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီသစ်များက ရေငန်ပုစွန်မွေးမြူတဲ့ လုပ်ငန်းများလုပ်ကိုင်ဖို့ စီစဉ်လာတာတွေရှိ ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီများကလည်း မွေးမြူတဲ့ ဧကများထပ်မံတိုးချဲ့လုပ်ကိုင်ဖို့ စီစဉ် နေကြပါတယ်"ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
ပုစွန်ဧကပေါင်း ၈၀၀၀ ကျော်တိုး ချဲ့မွေးမြူပြီးပါက စုစုပေါင်း ၁၀၀၅၁ ဧက ခန့်အထိ ရှိလာ မည်ဖြစ်ပြီး လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေငန်ပုစွန်မွေး မြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ပနားမီး ပုစွန်ဖြူများကို ပြည်ပနိုင်ငံများသို့ အဓိကထား တင်ပို့လျက်ရှိကြောင်း၊ လက်ရှိတွင် ရေ ငန်ပုစွန်မွေးမြူရေးဧက ၁၈၀၀ ကျော်ကို လုပ်ငန်းရှင် ငါးဦးက လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကြောင့် စုစုပေါင်း ဧကတစ် သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေငန်ပုစွန် မွေးမြူရေးဆောင်ရွက်လျက်ရှိသည့် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ Grand Andaman Co., Ltd. က ပုစွန်မွေးမြူရေးဧက ၁၂၄ ဒသမ ၆၂ ဧကဖြင့် ပုစွန်မွေးမြူရေးကန် ၁၈ ကန်၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီက ၈၃၂ ဧကဖြင့် ပုစွန်မွေးမြူရေး ကန် ၁၀၅ ကန်၊ ခိုင်ဇင်ယော်ကုမ္ပဏီမှ ၅၃၁ ဒသမ ၀၅ ဧကဖြင့် ပုစွန်မွေးမြူရေးကန် ၅၃ ကန်နှင့် ပုလောမြို့နယ်ရှိ ရွှေကံမော် ကုမ္ပဏီက ၂၉၉ ဒသမ ၇၇ ဧကဖြင့် ပုစွန် မွေးမြူရေးကန် ၂၅ ကန်၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ The Best Myanmar Co., Ltd. ၌ ဧက ၄၀ ဖြင့် ပုစွန်မွေးမြူရေးကန် ရှစ်ကန်၊ စုစုပေါင်း ၁၈၂၇ ဒသမ ၄၄ ဧက ဖြင့် ကန်ပေါင်း ၂၀၉ ကန်တို့၌ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။