၂၀၂၃ မတ် ၁၃
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၇ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
အဆိုပါတင်ပို့မှုသည် ဧပြီလ ၁ ရက်မှ မတ်လ ၃ ရက်အထိ ရရှိထားသည့် ပို့ကုန်ဝင်ငွေဖြစ်ကြောင်း ၊ ယင်းအပြင် ပြည်ပတင်ပို့သည့် ပို့ကုန်ပစ္စည်းအမယ်များထဲတွင် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ ဝင်ငွေအများဆုံးရရှိထားခြင်းဖြစ်ကြောင်း စာရင်းများအရ သိရသည်။
အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဥ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈ ဘီလီယံကျော်ပိုမိုရရှိထားခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွင်း၌ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄ ဘီလီယံကျော်ရရှိထားပြီး လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇ ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံး ဝင်ငွေရရှိထားခြင်းဖြစ်သည်။
ပြည်ပနိုင်ငံတွေကနေ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း နှင့် CMP(အထည်အလိပ်) တို့ကိုပြန်လည်တင်သွင်းပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၀၇ ဘီလီယံရရှိထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ကုန်သွယ်မှုလုပ်ငန်းအများဆုံးပြုလုပ်ထာသော်လည်း ယခုဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံနှင့်အများဆုံးကုန်သွယ်မှုဝင်ငွေရရှိထားဖြင်းဖြစ်ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။