ရန်ကုန်၊ သြဂုတ် ၂၈
ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်သည့် အသေးစားအလတ်စား စားသောက်ကုန် လုပ်ငန်းတချို့သည် ပြည်ပသို့ တင်ပို့ရာတွင် Kg ခများ ဈေးကြီးမြင့်နေသည့်အတွက် မှာယူမှုနည်းပါးသွားကြောင်း ခါတော်မီ တိုင်းရင်းဆေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းမှပိုင်ရှင် ဒေါ်ခင်စန္ဒာငြိမ်းက ပြောကြားခဲ့သည်။
''ပြည်ပဈေးကွက်ကျတော့ ပုံသေပြောလို့မရဘူး။ ဒီတစ်လ ယူနိုင်တယ်ဆိုပေမယ့် နောက်လကျတော့ Kg တွေ ဈေးကြီးတော့ မယူနိုင်တာတွေရှိတယ်။ ဒီမှာက ပစ္စည်းဖိုးလည်း ပေးရတယ်။ Kg ဖိုးလည်းပေးရတယ်။ တချို့ဥရောပနိုင်ငံတွေကို 1Kg ဆို ကျပ်ငါးသောင်းလောက်ကျ တယ်။ 10Kg ဆိုလည်း ငါးသိန်းလောက် ဖြစ်သွားပြီ။ ပစ္စည်းဖိုးမပါသေး Kg ဖိုးနဲ့တင်ဆိုတော့ သိပ် မကိုက်တော့ဘူး။ မြန်မာပစ္စည်းက အပိုပေးလို့လည်းမရဘူး။ အပိုပေးတာနဲ့ Kg ကတန်းပြီးတော့ ထွက်တာကြောင့်ပါ။ အရင်တုန်းက မလေးရှား၊ အမေရိကန်ပို့တယ်။ ပြင်သစ်က သူတွေကလည်း တော်တော်ကြိုက်တယ်။ သူတို့က အသားအရမ်းစားတယ်။ တစ်မျိုးတည်းကို အများကြီးယူကြပါတယ်" ဟု ၎င်းင်း ကပြောကြားခဲ့သည်။
ထို့အပြင် အသေးစား၊ အလတ်စား လုပ်ငန်းများအနေဖြင့် ပြည်တွင်းဈေး ကွက်တွင်လည်း အခက်အခဲအနေဖြင့် ထုတ်ကုန်သစ်များကို ဆိုင်များတွင် ရောင်းချရာ၌ အပ်ကုန်စနစ်ဖြင့် ဆောင်ရွက်ရာတွင်လည်း အခက်အခဲရှိကြောင်း၊ လက်ရှိကုန်ဈေးနှုန်း ကြီးမြင့်နေသည့်အတွက် ယင်းစနစ်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲရှိသည့်အတွက် ကုန်စည်ပြပွဲများသို့ ဝင်ရောက်ပြသ၍ ဈေးကွက်သစ်များ ရှာဖွေလျက်ရှိကြောင်း သိရသည်။
"ပြီးခဲ့တဲ့နှစ်က ပုစွန်ခြောက်အကောင်ကြီးတွေ တစ်ပိဿာကို ငါးသောင်းဈေးဆို အခု တစ်သိန်းဖြစ်သွားပြီ။ ဈေးကတော့ နှစ်ဆတက်သွားတာပေါ့။ တချို့ပစ္စည်း တွေကတော့ မတက်ဘူး။ အရည်အသွေးကို လျှော့လိုက်တာပေါ့။ အရည်အသွေး လျှော့လိုက်တဲ့အခါကျတော့ ဒီအရည်အသွေးနဲ့ညီတဲ့ ပစ္စည်းတွေကိုသုံးရတယ်။ စားသုံးသူက စားလိုက်တာနဲ့ ပါးစပ်ထဲမှာ ကောင်းမွန်တဲ့ အရသာ၊ ပစ္စည်းမျိုးဖြစ်အောင် ဖန်တီးရတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိ ပြည်တွင်းဈေးကွက်အခြေ အနေကိုလည်း စားသောက်ကုန်ရောင်းချသူ တစ်ဦးက ''စားသုံးသူတွေအနေနဲ့ စီးပွားရေးကောင်းပြီး စားနိုင်သောက်နိုင်မှ စားသောက်ကုန်လုပ်ငန်းတွေက ပိုမိုတွင်ကျယ်မှာပါ။ စီးပွားရေးကောင်းမှလည်း လူတွေက ဖောဖော သီသီသုံးနိုင်မယ်။ ရေမြင့်မှ ကြာတင့်တယ်ဆိုတဲ့အတိုင်း စားသောက်ကုန်လုပ်ငန်းဆိုတာ စားသုံးသူကို မှီခိုပြီးလုပ်ကိုင်ရတာဖြစ် တဲ့အတွက်ကြောင့်မို့ ဖောဖောသီသီသုံးနိုင်မှ အဆင်ပြေမှာပါ။ ဖောဖောသီသီသုံးနိုင်တယ်ဆို ဝယ်စားလိုက်ကြတာပေါ့။ အရင်တုန်းက ၁၀ ဦးလောက် စားနိုင်တယ်ဆိုလို့ ရှိရင် အခုဟာက လေးဦးလောက်၊ သုံးဦးလောက်ပဲ ဖောဖောသီသီ စားနိုင်တာပေါ့။ ကျန်တဲ့ ခုနစ်ဦး၊ ခြောက်ဦးလောက်ကစားဖို့ ဟာက တွက်ချက်နေရတာပေါ့။ အဲဒီလို တော့ရှိတာပေါ့''ဟု သုံးသပ်ပြောကြားခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် အခြေ ခံကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ထုတ်ကုန်များမှာ ယခင်ဈေးနှုန်းထက် နှစ်ဆခန့် ဈေးနှုန်းများ ကြီးမြင့်သွားကြောင်း၊ ပြည်ပသို့တင် ပို့သည့်ထုတ်ကုန်များသည်လည်း ဈေးကွက် အနည်းငယ် ရပ်တန့်လျက်ရှိသည့်အတွက် စားသောက်ကုန်လုပ်ငန်းများအနေဖြင့် အခက်ခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။