၂၀၂၃ ဒီဇင်ဘာ ၄
ယခုဘဏ္ဍာနှစ်၏ ရှစ်လတာ ကာလအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ လယ်ယာထွက်ကုန် ပြည်ပတင်ပို့ မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈ ဘီ လီယံကျော်ရရှိထားပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံကျော် ရရှိထားသည့်အတွက် ကန်ဒေါ်လာ ၂၈၆ ဒသမ ၈၈၉ သန်း လျော့ကျခဲ့ကြောင်း၊ ယင်းသို့ လျော့ကျရခြင်းသည် ပြည်တွင်းဈေးနှုန်း မြင့်တက်နေသည့်အတွက်ကြောင့် ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားထား သည်။
ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများ ဖြစ်ပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေး ထွက်ကုန်များကိုလည်း အခြားနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအနေဖြင့်လည်း ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လတာကာလ အတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန်သည် ကုန်ခဲ့သည့်၂၀၂၂-၂၃ဘဏ္ဍာ နှစ်၏ ကာလတူနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၅၀ ခန့်အထိ လျော့နည်းသွားကြောင်း၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ ရောင်းချနိုင်ရန် လျာထားကြောင်း ပို့ ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီ ယံရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန် ပစ္စည်းများအား တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။