၂၀၂၃ အောက်တိုဘာ ၂၃
နှစ်စဉ်ကျင်းပမြဲဖြစ်သော ပဲခူးတိုင်း ပြည်မြို့ ရွှေဆံတော်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည် အပူဇော်ခံပွဲကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်သည်။
(၁၂၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်ကို တန်ဆောင်မုန်းလဖြစ်သည့် လာမည့် နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ၁၀ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်ကျင်းပရေး အစီအစဉ်အရ နိုဝင်ဘာ ၂၀ ရက် နံနက်တွင် စတင်မည်ဖြစ်ကာ စေတီတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပြီးနောက် စေတီတော်ရင်ပြင်၌ သံဃာတော် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာ ၂၃ ရက် ညနေတွင် စေတီတော်ဂန္ဓကုဋီတိုက်အတွင်း တစ်နှစ်ပတ်လုံး ကိန်းဝပ်စံပယ်တော်မူနေ သည့် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ် အပူဇော်ခံပွဲကို ရင်ပြင်တော်ယာယီမင်္ဂလာ မဏ္ဍပ်၌ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်တွင် ဗုဒ္ဓမြတ်စွယ်တော်အား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်မည်ဖြစ်သည်။
နိုဝင်ဘာ ၂၅ ရက်တွင် ဗုဒ္ဓမြတ်စွယ်တော်အား မင်္ဂလာကရဝိက်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်၍ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပွဲတော်နောက်ဆုံးရက် နိုဝင်ဘာ ၂၉ ရက် ညတွင် ဗုဒ္ဓမြတ်စွယ်တော်အား ဂန္ဓကုဋီတိုက်အတွင်း ပြန်လည်ပင့် ဆောင်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ယင်းဗုဒ္ဓပူဇနိယပွဲတော် ၁၀ ရက်တာကာလတွင် ဇာတ်သဘင်ပွဲများ၊ မြန်မာ့ရိုးရာ ခြင်းလုံး အလှခတ်ပွဲစဉ်များနှင့် အခြားပျော်ပွဲရွှင်ပွဲများ၊ ပြည်ဒေသထွက် ရိုးရာအစားအစာများ၊ အနယ်နယ်အ ရပ်ရပ်မှ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချသည့် ပွဲဈေးဆိုင်ခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ပြည်ရွှေဆံတော်ဘုရားသည် သီရိလင်္ကာမှ ပင့်ဆောင့်လာသော မြတ်စွာဘုရား၏ စွယ်တော်မြတ် ကိန်းဝပ်စံပယ်ရာ နေရာဖြစ်ပြီး ပွဲတော်ရက်များတွင် စွယ်တော် မြတ်ကိုအများသူငှာ အား အနီးကပ်ဖူးမြော် ခွင့်ပေးလေ့ရှိရာ နှစ်စဉ်ထောင်ပေါင်းများ စွာသော ဘုရားဖူးခရီးသွားပြည်သူများ လာရောက်ဖူးမြော်ကြသည့် ပွဲတော်တစ်ခုဖြစ်သည်။
အလားတူ ဒေသထွက်မြန့်မာ့ရိုးရာ လက်မှုထုတ်ကုန်များ၊ အစားအစာများ ကိုအဓိကထား ရောင်းချသော ပွဲဈေးတန်းမှာလည်း နှစ်စဉ်ကြက်ပျံမကျ စည်ကားလှပြီး နိုင်ငံရပ်ခြားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ အထူးတလည် လာရောက် လည်ပတ်ဖူးမြော်ပူဇော်ကြသည့် ပွဲတော်တစ်ခု လည်းဖြစ်သည်။