၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၄
နိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်သည့် အမိန့်ထုတ်ပြန်ပြီးနောက် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်ခြင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပျက်ပြားအောင် နည်းလမ်းမျိုးစုံဖြင့် သတင်းမှားများ ဖြန့်ဝေရေးသားခြင်းနှင့် ကောလာဟလများ ဖြန့်ဝေခြင်းများပြု လုပ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းမှားဖြန့်ဝေမှုအဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်တွင် တပ်မတော်က လူငယ်များကို ဦးတည်ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် မြို့ပေါ်တွင် အသွားအလာမရှိဘဲ ခြောက်ကပ်နေကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက် ညနေပိုင်းတွင်လည်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် လူငယ်တချို့ အဖမ်းခံရကြောင်း၊ ထို့ပြင် မုံရွာ-မန္တလေးလမ်းပေါ်တွင် လူငယ် ၄၀ ကျော်ထက်မနည်းကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး ပေါ်တာဆွဲသည်ဟု ပြောဆိုခဲ့သဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ လျက်ရှိသည်။ မုံရွာမြို့ပေါ်တွင် ပုံမှန်သွားလာ နေထိုင်မှုများရှိပြီး တပ်မတော်က ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်မှာ သတင်းမှားသာဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာအနီး မန္တလေး-မုံရွာသွား ကားလမ်းအပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခရီးသွားပြည်သူ ၄၀ ဦးခန့် စစ်ဆေး မေးမြန်းရန် ဖမ်းဆီးခဲ့သည်ဟူ၍ လည်းကောင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ညနေ ၃ နာရီခန့်မှ စ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟူ၍ လည်းကောင်း သတင်းအမှားများကို တရားမဝင်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာအနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေးအရ စစ်ဆေးရှာဖွေခြင်းများ လုပ်ဆောင်မှု လုံးဝမရှိကြောင်း၊ မုံရွာမြို့၊ စီးပွားရေး တက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ပုံမှန်စစ်ဆေးခြင်းများသာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သည့် တည်ငြိမ်အေးချမ်းမှုကို နိုင်ငံသား အားလုံး ပါဝင်တည်ဆောက်ကြရန် လိုအပ်ပြီး ပြည်သူများ လိုလားသည့် စစ်မှန်စည်းကမ်းပြည့်သည့် ဒီမိုကရေစီစနစ် ကို ကာကွယ်ရန် စစ်ဘုရင်ဝါဒ သူတစ်လူငါ တစ်မင်း၊ နယ်တစ်နယ်ဓားတစ်စင်း အကျင့်ဆိုးများကို တိုက်ခိုက်ရန် ပြည်သူအားလုံး ပြည်သူ့စစ်မှုထမ်းစနစ်ကို အားပေးထောက်ခံ၍ ဝိုင်းဝန်း ကူညီပံ့ပိုးပေးရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်း ပြောကြားထားသည်။