ရန်ကုန်၊ ဇွန် ၂၆
ပြည်သူ့ပါတီက စက်တင်ဘာလ မတိုင်မီ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ရုံးပေါင်း ၄၀ အထိ အပြီးဖွင့်လှစ်ရန် လျာထားကြောင်း ယင်းပါတီမှ သိရသည်။
"ရုံးပေါင်း ၃၁ ရုံး ရှိသွားပြီ။ အခု လောလောဆယ် ရုံးဖွင့်ဖို့ချိတ်ထားတဲ့ အခြေအနေအရကတော့ ရုံးပေါင်း ၄၀ အထိ တောက်လျှောက် ဖွင့်သွားဖို့ ရှိပါတယ်။ ရွေးကောက်ပွဲ ကြေညာတဲ့ရက် ရက်ပေါင်း ၉၀ မတိုင်ခင် အပြီးဖြတ်မယ်။ ရန်ကုန်တိုင်းအနေနဲ့ ရုံးဖွင့်တာ အပြီးဖြတ်ပြီးသွားရင် ပါတီဗဟို က ရုံးပေါင်း ၁၁၀ ပြည့်သွားမယ်။ အဲဒီအခါ ကျရင် UEC ကို စာရင်းတင်တော့မှာပေါ့။ ရွေးကောက်ပွဲကြေညာတဲ့ရက် ရက်ပေါင်း ၉၀ မတိုင်ခင်ကာလ ခန့်မှန်းခြေ သြဂုတ် အကုန်လောက် ဖြစ်မယ်။ သြဂုတ်အကုန်လောက်မှာ သတ်မှတ်ထားတဲ့ ရုံးအရေအတွက် ပြည့်အောင် ဖွင့်မှာပါ"ဟု ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၁ ရက်က ပြည်သူ့ပါတီ ဒလမြို့နယ် ရုံးခန်းဖွင့်ပွဲ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ပါတီအမှုဆောင်များ၊ ဒလမြို့နယ် ပြည်သူ့ပါတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ်ရုံးဆိုင်းဘုတ်အား အမွေးနံ့သာရည်များပက်ဖျန်း၍ ဖွင့်လှစ်ပေးခြင်း၊ ဒလမြို့နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးမင်းမင်းက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးလှဌေးနှင့် ဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးတို့က အမှာစကားများ ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်အထိ ပြည်သူ့ပါတီက ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီး၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ထန်းတပင်၊ လှိုင်သာယာ (အရှေ့)၊ လှိုင်သာယာ(အနောက်)၊ ရွှေပြည်သာ၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ မှော်ဘီ၊ ရန်ကင်း၊ ဆိပ်ကြီးခနောင်တို၊ တောင်ဒဂုံ၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ ဒေါပုံ၊ တွံတေး၊ ဒလ စသည့် မြို့နယ်များတွင် ပြည်သူ့ပါတီမှ ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။
ထို့အပြင် ကျောက်တံတား ခရိုင်အတွင်းရှိ ငါးမြို့နယ်အပါအဝင် အလုံ၊ စမ်းချောင်း၊ မြောက်ဥက္က လာပ၊ သန်လျင်၊ ကော့မှူး၊ တာမွေ စသည့် မြို့နယ်များတွင် ပါတီရုံးခန်းဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း ဦးလှဌေးက ပြောသည်။ ညီသစ်