Breaking

ပြည်သူ့ပါတီက အောက်တိုဘာမတိုင်မီ ရန်ကုန်တိုင်းအတွင်း မြို့နယ်ပါတီရုံးပေါင်း ၁၀ ခုအထိ အပြီး ဖွင့်လှစ်မည် 

ရန်ကုန် ၊ ဇူလိုင် ၁၇
    ပြည်သူ့ပါတီက အောက်တိုဘာ မတိုင်မီ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပါတီရုံး ၁၀ ခုအထိ အပြီးဖွင့်လှစ်နိုင်ရန်  ပြင်ဆင်နေကြောင်း ယင်းပါတီမှ သိရသည်။
    လက်ရှိတွင် မင်္ဂလာဒုံ၊ ရန်ကင်း၊ တိုက်ကြီး၊ လှိုင်သာယာ (အရှေ့)စသည့်  မြို့ နယ်လေးခုတွင် ပါတီရုံးခန်းများဖွင့်လှစ်ထား ရှိပြီး သြဂုတ်၊ စက်တင်ဘာလတို့တွင်လည်း သန်လျင်၊ ကျောက်တန်း၊ လှည်းကူး၊ ရွှေပြည်သာ၊ လှိုင်၊လှိုင်သာယာ(အနောက်) စသည့် မြို့နယ်ခြောက်ခုတွင် ပါတီရုံးခန်းများ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
    "အခုက လေးမြို့နယ်ပဲ ဖွင့်ထားတာ။ နောက်ထပ် ခြောက်ရုံးထပ်ဖွင့်မယ်။ ခွင့်ပြုချက်တင်ပြီး ပြင်ဆင်နေကြပြီ။ ကျွန်တော်တို့က ရန်ကုန်တိုင်းနဲ့ပတ်သက်ပြီး ဖွင့်တာကတော့ အပြည့်ဖွင့်မယ်။ လောလောဆယ်မှာကတော့ ဒီရက်ပိုင်းထဲမှာ ပထမဆုံး ၁၀ ရုံးကို ရအောင်ဖွင့်မှာပါ။ အဲဒီလို ဖွင့်ပြီးတော့ နောက်ထပ် ၁၀ ရုံး၊ နောက်ထပ် ၁၀ ရုံး အဲဒီလို တက်တက်သွားမယ်။ ပြောရရင်တော့ သြဂုတ်၊ စက်တင်ဘာကို ပထမရုံး ၁၀ ရုံးကို  အပြီးဖွင့်မယ်"ဟု ၎င်းက ပြောသည်။
    ပါတီရုံးခန်းများ ဖွင့်လှစ်ရာတွင် အခက်အခဲအကျပ်အတည်း များစွာကြုံတွေ့ခဲ့သော်လည်း ယင်းအခက်အခဲများကို ဖြတ်ကျော်ကာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယင်းသို့ ပါတီရုံးခန်းများဖွင့်နေခြင်းမှာ ပြည်သူလူထုနဲ့ အနီးကပ် ဆက်ဆံနိုင်ရန်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြုလုပ်သော ပြည်သူ့ပါတီ၏ တိုင်းဒေသကြီးရုံးခန်းနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဦးလှဌေးက ပြောကြားခဲ့သည်။
    "ကျွန်တော်တို့ ဒီရုံးခန်းတွေ ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုနဲ့ အနီးကပ်ဆက်ဆံနိုင်ဖို့ ပြည်သူ့ဆက်ဆံ ရေးဌာနတွေအနေနဲ့ ဖွင့်လှစ်နေခြင်း ဖြစ်ပါတယ်။ ဒီနေ့ ပြည်သူလူထုက ဘာတွေလိုချင်နေသလဲ၊ ဘာတွေအခက်အခဲရှိလဲ၊ ဘာတွေ ရင်ဖွင့်ချင်တာရှိလဲ၊ ကျွန်တော်တို့ ပါတီအနေနဲ့ ကူညီဆောင်ရွက်ပေးရမယ့် လုပ်ငန်းဆောင်တာတွေ ရှိမယ်ဆိုရင်လည်း ကျွန်တော်တို့ကို မြေပြင်မှာ အနီးကပ်တွေ့ဆုံတိုင်ပင်ပြောဆိုပြီး ကျွန်တော်တို့ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်လို့ ရအောင်လို့ မြို့နယ်ရုံးခန်းတွေကို ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်"ဟု ၎င်းက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
    ပြည်သူ့ပါတီအနေဖြင့် ပုဇွန်‌တောင်မြို့နယ်တွင် ပါတီဌာနချုပ်၊ မင်္ဂလာတောင်ညွန့်မြို့တွင် တိုင်းဒေသကြီးရုံးခန်းဖွင့် လှစ်ထားသည်။ ထို့အပြင်  ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း‌ဒေသကြီး၊ မွန်ပြည်နယ်တို့တွင်လည်း မြို့ နယ်ပါတီရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက်နေ ကြောင်း သိရသည်။

Total Views ~ 174

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43846

© 2022 - 2025 News. All Rights Reserved.