Breaking

ပြည်သူ့လုံခြုံရေးစနစ်တွင် ပြည်သူလူထု ပါဝင်ရန်အရေးကြီးကြောင်း လီဆူပြည်သူ့စစ် ခေါင်းဆောင်ပြော

၂၀၂၄ ၊ ဇန်နဝါရီလ ၁၆
    ပြည်သူ့လုံခြုံရေးစနစ်တွင် ပြည်သူလူထုပါဝင်ရန် အရေးကြီးပြီး ရပ်ရွာလုံခြုံရေးအတွက် ပြည်သူကိုယ်တိုင် လုပ်ယူမှရမည်ဖြစ်ကြောင်း လီဆူပြည်သူ့စစ်ခေါင်း ဆောင် ဦးရွှေမင်းကပြောသည်။ 
    "ပြည်သူ့လုံခြုံရေးစနစ်ကတော့ တကယ့်ကို လိုအပ်ပါတယ်။ တကယ်လုပ်ဆောင်ဖို့လည်းလိုတယ်။ နောက်တစ်ခုက ပြည်သူလူထုပါဝင်ဖို့လည်း အရေးကြီးပါတယ်။ ပြည်သူလူထု မပါဝင်ရင်လည်း အားရှိမှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ မူဝါဒတွေ ကောင်းကောင်း ပြည်သူမပါလို့ လည်း အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့် ပြည်သူတွေကလည်း ပါဝင်ဖို့လိုအပ်ပါမယ်။ ကိုယ့်ရဲ့လူနေမှုဘဝ၊ ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသေလုံခြုံဖို့အတွက် ပြည်သူတွေကလည်း ကိုယ်တိုင်လုပ်ယူမှရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့က ကိုယ့်ညီအစ်ကိုတွေ အချင်းချင်း စိတ်ဝမ်းကွဲနေမယ့်အစား ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာဖို့ တိုက်တွန်းချင်တယ်။ ဒါဆိုကျွန်တော်တို့က အားလုံးလုပ်လို့ရပြီ။ ပြည်သူ့စစ်မဟာဗျူ ဟာကိုလည်း ဆောင်ရွက်လို့ရပြီ။ ပြည်သူ့ လုံခြုံရေးကိစ္စများကိုလည်း ဆောင်ရွက်လို့ရပြီ။ အဲဒီအခါကျမှ နိုင်ငံတကာနဲ့ ရင်ပေါင် တန်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူ့ လုံခြုံရေးကိစ္စများကို ဆောင်ရွက်တဲ့နည်းတူ ဆွေးနွေးအဖြေရှာတဲ့ ကိစ္စရပ်များကိုလည်း ဆက်လက်ပြီး လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။  ပြည်သူ့စစ်ကတော့ ရှိသင့်ပါတယ်။ ဖွဲ့သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့စစ်ဆိုတာ မိမိရဲ့နေထိုင်ရာ ဌာနေမှာရှိသော လူတွေ၊ ရွာသားတွေ၊ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့အတွက် ကိုယ့်ရွာရဲ့ လုံခြုံရေးကို စေတနာအလျောက်လည်း ဆောင်ရွက်လို့ရတယ်။ စိတ်အားလည်း ထက်သန်မယ်။ ထို့နည်းတူစွာ ဘယ်သူဟာ သူခိုး၊ ဘယ်သူဟာ ဓားမြ စသဖြင့် မကောင်းတဲ့လူ၊ ကောင်းတဲ့လူဆိုတာ ခွဲခြားတတ်တာက ကိုယ့်လူတွေပဲရှိတယ်။ အဲဒီတော့ ပြည်သူ့စစ်ဖွဲ့စည်းတဲ့ ရွာရဲ့လုံခြုံ ရေး ဆောင်ရွက်ဖို့တော့ အထူးလိုအပ်တယ်။ ထို့နည်းတူစွာ ဆောင်ရွက်တဲ့အခါမှာလည်း ပြည်သူ့စစ်တွေဟာ ငါလက်နက်ကိုင်တယ် ဆိုပြီးတော့ စိတ်မာန်တွေ မကြွဖို့ အရေးကြီးပါတယ်။ ငါသည် ငါ့ရပ်ရွာ ငါကာကွယ်ရမယ်။ ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်လေးနဲ့ ဆောင်ရွက်မယ်ဆိုရင် ရပ်ရွာလည်း အေးချမ်းသာယာမယ်။ အဲဒီတော့ ပြည်သူ့စစ်ကိုတော့ ဖွဲ့စည်းသင့်တယ်လို့ မြင်ပါတယ်။  လက်နက်ကိုင်တဲ့အတွက် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲနဲ့ စိတ်အနှောင့် အယှက် မဖြစ်စေသော အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်သွားနိုင်ရင်တော့ အကောင်းဆုံးပဲ။ ကျန်တာ ကတော့ ပြည်သူ့ စစ်ရှိကိုရှိသင့်တယ်။ ဖွဲ့ကိုဖွဲ့သင့်တယ်"ဟု ၎င်းကပြောသည်။
    အလားတူ သက်ဆိုင်ရာဒေသအလိုက် ပြည်သူ့စစ်အားကောင်းလာပါက လက်နက်ကိုင်များ အားနည်းသွားနိုင်ကြောင်း လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦး ရွှေမင်းက ထပ်မံပြောဆိုသည်။ 
    "ပြည်သူ့စစ်အားကောင်းလာရင်တော့ လက်နက်ကိုင်တွေကတော့ အားနည်းသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်သားတွေက ရွာတစ်ရွာကို ဝင်သွားရင် ဘယ်သူဟာ ရန်သူ၊ ဘယ်သူဟာ မိတ်ဆွေဆိုတာ သူကမသိနိုင်ဘူး။ ပြည်သူ့ စစ်တွေက ဌာနေကနေ ပေါက်ဖွားလာတဲ့ စစ်သားတွေ ဖြစ်တဲ့အတွက် သူ့ရပ်သူရွာမှာ ဘယ်သူဟာဖြင့်ရန်သူ၊ ဘယ်သူကမိတ်ဆွေ၊ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုး စသဖြင့် အားလုံးသိတဲ့အတွက် ရန်သူတွေ ဝင်ရခက်ခဲပါလိမ့်မယ်။ အဲဒီတော့ ရန်သူတွေ ကြောက်တာသည် ပြည်သူ့စစ်ကို အကြောက်ဆုံး ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲ။ လက်နက်ကို ကြောက်တာမဟုတ်ဘူး။ တိုက်ခိုက်ရေးကို ကြောက်တာ မဟုတ်ဘူး။ သတင်းပေးနိုင်စွမ်းနဲ့ ခွဲခြားနိုင်စွမ်းကို သူတို့ စိုးရိမ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့စစ်ရှိလာလေလေ ရန်သူရဲ့ လှုပ်ရှားမှုက အားနည်းသွားလေလေ ဖြစ်ပါလိမ့်မယ်"ဟု ၎င်းကဆိုသည်။ 
    ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက "နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူလူထုလုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေး စနစ်တွေကို တိုးမြှင့်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ပိုမိုပြီးလုံခြုံတဲ့၊ ပိုမိုပြီး ကာကွယ်နိုင်တဲ့ စနစ်များကို ကျွန်တော်တို့ တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကလိုအပ်ချက်က ကျွန်တော်တို့ ပြည်သူလူထုပဲဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ပြည်သူ့လုံခြုံရေးစနစ်၊ ကာကွယ်ရေးစနစ်တွေမှာ မိမိတို့တတ်စွမ်းသမျှ ပါဝင်ခြင်းဖြင့် နိုင်ငံတော်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ကျွန်တော်တို့တန်ဖိုးထားရတဲ့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်သွားဖို့ တိုက်တွန်းပြော ကြားလိုပါတယ်" ဟု ပြောကြားထားသည်။ 
    လတ်တလောအခြေအနေအရ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပြည်ခရိုင် အတွင်းပါဝင်သည့် မြို့နယ်များတွင် ပြည်သူ့လုံခြုံရေးစနစ်အတွက် အမည်စာရင်းကောက် ယူမှုများရှိလာပြီး မိမိဆန္ဒသဘောအရ ပြည်သူ့စစ်သင်တန်းတက်ရန် စာရင်းပေးသွင်းသူ များလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43954

© 2022 - 2025 News. All Rights Reserved.