ရန်ကုန်၊ အောက်တိုဘာ ၂
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာဗွန်နည်းသော အရင်းအမြစ်များဖြစ်သည့် ပြန်ပြည့်မြဲစွမ်းအင် (ရေ အား၊ လေအား၊ နေရောင်ခြည်) ကို နိုင်ငံတော်ဓာတ်အားစနစ် National Grid နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် သို့တက် ရောက်ခဲ့ပြီး ဆက်စပ်ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်၊ လေစွမ်းအင်အရင်းအမြစ်ရ ရှိနိုင်သည့် နေရာများတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို ဆောင်ရွက်လျက်ရှိရာ ကုန်းတွင်း စီမံကိန်း နေရာ ၂၈ ခုနှင့် ကမ်းလွန်စီမံကိန်းနေရာ နှစ်ခုရှိကြောင်း၊ လေအားစွမ်းအင်သုံး၊ နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများEnergy Storage System နှင့်ပေါင်းစပ်ပြီး ဓာတ်အား စနစ်သို့ပို့လွှတ်ခြင်းဖြင့် တည်ငြိမ်သည့် ဓာတ်အားပေးစနစ် ရရှိရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လျှပ်စစ်ဓာတ်အားကို တည်တည်ငြိမ်ငြိမ်ဖြင့် ကာလကြာရှည်စွာ၊ ယုံကြည်စိတ်ချစွာ ဖြည့်ဆည်းပေးနိုင်ပြီး မြန်မာနိုင်ငံတွင် ကာဗွန်ထုတ်လုပ်မှု အနည်းဆုံးစွမ်းအင်အရင်းအမြစ်များကို ပေါင်းစပ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် UNFCCC ၏ ဆုံးဖြတ်ချက်နှင့်အညီ မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် (Nationally Determine Contribution - NDC) ပါ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်တန် ၁၀၅ သန်းကျော် လျှော့ချရေးကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ ဖြစ်သည့် Rosatom Renewable Energy ကုမ္ပဏီ၊ Rosatom Smart Utilities ကုမ္ပဏီ၊ Rosatom Energy Projects ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး လေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ ရေအားလျှပ်စစ်စက်ရုံများ မွမ်းမံပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထူးမြတ်