ဗဟိုဘဏ်ရှိအပ်နှံငွေသည် ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏ လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည်  ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း တိုးလာကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌပြောကြား

၂၀၂၃ မတ် ၄

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားဘဏ်များနှင့် ငွေပေးချေမှုကိစ္စရပ်များ၊ ငွေကြေးခဝါချမှုဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုအခြေအနေများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့်အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိကဘဏ်များ၏အပ်ငွေသည် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်း၊ ချေးငွေသည် ၇ ဒသမ ၈၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ Credit to GDP Ratio သည် ၂၈ ရာခိုင်နှုန်းရှိကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါကဘဏ်များ၏ ဗဟိုဘဏ်ရှိ အပ်နှံငွေသည် ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏ လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်းတိုးလာကြောင်း၊ Interbank Market ရှိ ငွေကြေးလွယ်ကူမှု Tumover သည် ငွေကျပ် ၁၁၆၆ ဘီလီယံ၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း၊ နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအကြားတွင် ကျပ်ငွေလွယ်ကူမှု ပိုမိုမြင့်မားလာကြောင်း၊ ကုန်သွယ်မှုကဏ္ဍအတွက်လိုအပ်သည့် ကာလတိုငွေကြေးဖြည့်ဆည်းမှုများ အားကောင်းလာကြောင်း၊ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့် လုပ်ငန်းများလည်ပတ်မှုများ အားကောင်းလာသဖြင့် ဘဏ်များအနေဖြင့် ချေးငွေများပိုမိုကောက်ခံရရှိလာပြီး၊ ချေးငွေများအပေါ် (Restructuring and Rescheduling) များ ဆောင်ရွက်ပေးခြင်းကြောင့် ပိုမိုလုပ်သာကိုင်သာရှိလာသဖြင့် အရင်း/အတိုး ပေးဆပ်ရန်ပျက်ကွက်သော ချေးငွေများ လျော့နည်းကျဆင်းလာကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံခြားငွေနှင့်ပတ်သက်၍ ဗဟိုဘဏ်က သတ်မှတ်ပေးသည့် စည်းမျဉ်းများကို ဘဏ်များ၊ Exporter များ၊ Inporte များလိုက်နာစေရေး၊ Export Earnings ပြန်မဝင်သည့် ကိစ္စရပ်များ စောင့်ကြည့်စစ်ဆေးနိုင်ရေး၊ လိုအပ်သည့်အထောက်အထားများ ရယူစစ်ဆေးနိုင်ရေး၊ KYC/CDD နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်အထက် ငွေလွှဲဝင်ရောက်ခြင်းများကို ဗဟိုဘဏ်သို့သတင်းပို့ရေး၊ သတင်းပို့ရန် ပျက်ကွက်ပေါ့လျော့မှုများကြောင့် ဆုံးရှုံးမှုများဖြစ်လာပါက စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရမည့် စာရင်းများအား စနစ်တကျစောင့်ကြည့်ပေးပို့သွားရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

နယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသည့်ဘဏ်ခွဲများ၌ တရားမဝင်ငွေလွှဲကိစ္စရပ်များ မဖြစ်ပွားအောင် အထူးဂရုပြုဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများသည် မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲဆောင်ရွက်မှုများမှတစ်ဆင့် အဖြစ်များသဖြင့် Monitoring အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့်လည်း ဘဏ်များ၏ လိုအပ်ချက်အပေါ်မူတည်ပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ပံ့ပိုးပေးနေသည့်အတွက် ဘဏ်များအနေဖြင့် စည်းကမ်းတကျလိုက်ပါဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုန်သွယ်မှုကဏ္ဍတွင် ဒေသသုံးငွေကြေးများပိုမိုသုံးစွဲပြီး ဒေါ်လာအပေါ်မှီခိုအားထားမှုလျှော့ချကာ Currency Diversification ကို ဆုံးရှုံးနိုင်ခြေပေါ်မူတည်၍ စီမံခန့်ခွဲရန်လိုအပ်ကြောင်း၊ ယွမ်/ထိုင်းဘတ်အပြင် ရူပီးနှင့်ကျပ်ကိုပါသုံးစွဲနိုင်ရေး အိန္ဒိယဗဟိုဘဏ်နှင့် အတည်ပြုချက်ရယူပြီး၍ မကြာခင်ကုန်သွယ်မှုကဏ္ဍသို့ ဆောင်ရွက်မည့်အစီအမံများ ချပြပေးမည်ဖြစ်ကြောင်း ဒေါ်သန်းသန်းဆွေက ဆက်လက်ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ တက်ရောက်ကြသည်။

Total Views ~ 218

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43364

© 2022 - 2025 News. All Rights Reserved.