Breaking

ဗိုလ်တထောင် စေတီတော်မြတ်ကြီးအား ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ လာရောက်ဖူးမြော်

၂၀၂၃ ၊ ဒီဇင်ဘာ ၂၀
    အိမ်ရှင်အဖြစ် နေပြည်တော် Grand Amara Hotel ၌လက်ခံကျင်းပခဲ့ပြီး  (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ GMS ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ Com-bodia Imvestment Board မှ Deputy Secretary General Mr. Nut Unvoanar နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် မြို့ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော် ဦးစေတီတော်သို့ လာရောက်လည်ပတ် ဖူးမြော်ခဲ့ကြောင်း သိရသည်။
    အလားတူတစ်ရက်တည်းပင် လာအိုနိုင်ငံ Ministry of Planning and Inves-tment, Deputy Minister Mme. Phoneuanh Outhavong နှင့်အဖွဲ့သည်လည်း လာရောက်ဖူးမြော်ခဲ့ကြရာ ဧည့်သည်တော်များအား စေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင်များက ခရီးဦးကြိုပြုကြကြောင်း သိရသည်။
    ဧည့်သည်တော်များသည် စေတီတော်အားလည်ပတ်ဖူးမြော်ကြရာတွင် ဦးစွာ ဆံတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ဆံတော်တိုက်ပတ်လည်ရှိ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
    ထို့အပြင် နန်းဦးဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး ဘိုးဘိုးကြီး ကျောင်းဆောင်၊ မြနန်းနွယ် ဘုရားကျောင်းဆောင်နှင့် ရင်ပြင်တော်ရှိ တန်ဆောင်းများသို့လည်း လှည့်လည်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
    ရန်ကုန်မြို့ရှိ ဘုရား၊ စေတီများတွင် ဗိုလ်တထောင် စေတီတော်သည် ရွှေတိဂုံစေတီတော်ကဲ့သို့ ပြည်ပခရီးသွားများ အထူးတလည် လာရောက်ဖူးမြော်ကြသည့် စေတီတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ခရီးသွား နှစ်သောင်းကျော် လာရောက်ဖူးမြော်လည်ပတ်ခဲ့ကြပြီး ဖြစ်သည်။
    "ကမ္ဘာ့နိုင်ငံပေါင်း ၂၈ နိုင်ငံလာ ရောက်ဖူးမြော်တာ တွေ့ရပါတယ်။ အများဆုံး လာရောက်ဖူးမြော်တာကတော့ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနိုင်ငံတို့ပါ။ ထိုင်းကတော့ အများဆုံးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ဒီနှစ်မှာ သုံးဆလောက် မြင့်တက်လာတာ တွေ့ရပါတယ်။ ၂၀၂၂ခုနှစ်က ၅၀၀၀ကျော်လောက် လာရောက်ဖူးမြော်ခဲ့ပြီး ၂၀၂၃ မှာ တော့ ၂၀၀၀၀ ကျော်အထိ လာရောက်ခဲ့တာကြောင့် ဝမ်းသာပီ တိဖြစ်ရပါတယ်"ဟု ဗိုလ်တထောင် စေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင် ဦးဌေးဦးက ပြောသည်။
    ထို့အပြင် စေတီတော်အတွင်း ဝင်ကြေးကို ယခင်ကနိုင်ငံခြားသားဧည့်သည် တစ်ဦးလျှင် မြန်မာကျပ်ငွေ ၁၀၀၀၀ ကောက်ခံရာမှ ယခုနှစ် ဒီဇင်ဘာ ၁ ရက် မှစကာ  ကျပ် ၅၀၀၀ ထပ်မံတိုမြှင့်၍ နိုင်ငံခြားသားတစ်ဦးလျှင် ကျပ် ၁၅၀၀၀ နှုန်းကောက်ခံလျက်ရှိကြောင်း ပြောသည်။
    'ယနေ့ခေတ်ကာလနဲ့အညီ ကျပ် ၅၀၀၀ တိုးမြှင့်ကောက်ခံခြင်း ဖြစ်ပါတယ်။ စေတီတော်ကြီးရဲ့ ဘက်စုံတည်ဆောက်ရေး မှာရော၊ ခုနစ်ရက်သားသမီးတွေ လှူတဲ့ဝင်ကြေးတွေနဲ့အတူ နိုင်ငံခြားသားတွေလည်း ပါဝင်လှူဒါန်းနိုင်အောင် တိုးမြှင့်ကောက်ခံ ခြင်းဖြစ်ပါတယ်"ဟုဆို သည်။
    ယခုဒီဇင်ဘာလ ၁၁ ရက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ၊ ဓမ္မပူဇနိယ၊ သံဃပူဇနိယ ပွဲ တော် သံဃပူဇာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုလည်း ကျင်းပခဲ့သည်။     

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43938

© 2022 - 2025 News. All Rights Reserved.