ဗီယက်နမ်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် နိုင်ငံသားနှစ်ဦးအား တပ်မတော် လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆
    ဗီယက်နမ်နိုင်ငံတွင် အခက်ကြုံနေသော နိုင်ငံသားနှစ်ဦးကို မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာခွင့် ရရှိရေးအတွက် ဗီယက်နမ်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် တပ်မတော် (လေ) လေယာဉ်ဖြင့် အမိမြေသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
    ဗီယက်နမ်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ နှစ်ဦးဖြစ်သည့် မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးသည် အစိုးရ၏ လမ်းညွှန်မှုဖြင့် ဗီယက်နမ်နိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ် ဆက်ညှိနှိုင်းဆောင်ရွက်၍ ယခုလ ၁၄ ရက် တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai ပြည်ပြည် ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာသည့် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
    အဆိုပါ မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့သည် တရားမဝင် အလုပ်အကိုင်ပွဲစား၏ ချိတ်ဆက်ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်-တရုတ် နယ်စပ်ရှိ ဗီယက်နမ်ပြည်နယ်တစ်ခုဖြစ်သည့် Cao Bang ပြည်နယ်သို့ ပို့ဆောင်ချိန်တွင် မိုဘိုင်းဖုန်း၊ ငွေကြေးများကို သိမ်းဆည်းပြီးနောက် ၎င်းတို့အား စွန့်ပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းင်းတို့မှ ဗီယက်နမ်ရဲ စခန်းမှတစ်ဆင့် မြန်မာသံရုံးသို့ ယခု ၁၁ ရက်တွင် ဆက်သွယ်အကူအညီ တောင်းခံလာရာ မြန်မာသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဆိုပါရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ကာ မြန်မာသံရုံးသို့ ခေါ်ဆောင်၍ ၎င်းတို့ ခေတ္တနေထိုင် စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကာ လိုအပ်သော ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
    နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၏ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးမှုမှတစ်ဆင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား အစဉ်တစိုက် ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 162

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43668

© 2022 - 2025 News. All Rights Reserved.