ရန်ကုန်၊ ဇူလိုင် ၉
ကရင်ပြည်နယ် မြို့တော် ဘားအံမြို့တွင် ကျပ် ၅ ဒသမ ၉ ဘီလီယံ (ကျပ် ၅၉၀၀ သန်း)ရင်းနှီး မြှုပ်နှံပြီး Hyper Market (အဆင့်မြင့်ဈေး) တည်ဆောက်သွားရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ Hyper Market ဈေးသစ်ကြီးကို ဘားအံမြို့ အမှတ်(၂)ရပ်ကွက် ရွှေရင်မျှော်ဘုရားအနီးရှိ မြေဧရိယာ ၃ ဒသမ ၆၄၂ ဧကပေါ်တွင် Kayin State Develop-ment (Public) ကုမ္ပဏီလီမိတက်၏ ဦးဆောင်မှုဖြင့် အောင်ငွေဖူးကုမ္ပဏီလီမိတက်က တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းပေါင်း ၁၆၄ ခန်း ပါဝင် မည့် ဈေးသစ်ကြီးတွင် ပေ ၂၀ x ပေ ၅၀ x RC နှစ်ထပ်အဆင့်မြင့် လူနေဆိုင်ခန်း ၁၀ လုံး၊ ပေ ၃၀ x ပေ ၅၀ x RC နှစ်ထပ် အဆင့်မြင့်လူနေဆိုင်ခန်းတစ်လုံး၊ ပေ ၁၀၀ ပတ်လည် RC လေးထပ်အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ဈေးဆိုင်ခန်းများကို မိမိကြိုက် နှစ်သက်ရာ ဦးရာလူစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးသစ်တည်ဆောက်မည့် မြေနေရာတွင် ပြီးခဲ့သည့် ဇူလိုင် ၄ ရက်က ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ပြီး အဆိုပါ မင်္ဂလာအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ တက်ရောက်ကာ ပန္နက်တော်များကို ရိုက်သွင်း၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။