ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၂၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရန်ကုန်  ဇူလိုင်  ၂4

ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို)ကြီးကြပ်ရေးအဖွဲ့ (၂၉)ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၂၃ရက်နေ့ နံနက် ၉ နာရီတွင် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဓမ္မဝိဟာရ ကျောင်းဆောင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘုန်းတော်ကြီးကျောင်းပညာ သင်ကြားမှု(ဗဟို) ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးကို  “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အစည်းအဝေး သဘာပတိ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ    အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသက    သြဝါဒကထာမြွက်ကြားသည်။

ထို့နောက်   သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အခြေခံပညာဦးစီးဌာန   သက်ဆိုင်ရာ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းများနှင့် တွဲဖက်ဖွင့်လှစ် ခွင့်ပြုရေး၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အချိန်မီ  ပြည့်စုံစွာရရှိရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ၊ ဆရာမများ၏  လစဉ်ထောက်ပံ့ငွေများ    အချိန်မီ ထုတ်ယူခွင့် ရရှိရေး၊ ကျောင်းသား၊ ကျောင်းသူစာရင်းကို စုစည်း၍ နှစ်စဉ် ဇူလိုင် ၁ ရက်မှ ၇ ရက်အတွင်း မြို့နယ်သံဃနာယက အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြရေး၊ ပညာသင်ကြားမှု စည်းမျဉ်းများ  ပြင်ဆင်ဖြည့်စွက်နိုင်ရေး အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အတည်ပြုချက်ရရှိရေး၊  ယဉ်ကျေးမှု သင်ခန်းစာ သင်ကြားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုရေးနှင့်   ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့    (၂၈)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှု များကို ရှင်းလင်းလျှောက်ထားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဘုန်းတော် ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များက လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြကာ အစည်းအဝေး ဆုံးဖြတ်ချက်(၁၁)ချက်ကို ချမှတ်ခဲ့သည်။ ယင်းနောက် အစည်းအဝေး သဘာပတိ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့  ဥက္ကဋ္ဌက သြဝါဒကထာ မြွက်ကြားပြီး ညွှန်ကြားရေးမှူးချုပ်က ဆရာတော်များကို    လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း  သတင်းရရှိသည်။ 

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43739

© 2022 - 2025 News. All Rights Reserved.