နေပြည်တော်၊ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအတွက် ဆီထွက်သီးနှံ စုစုပေါင်းလျာထား ဧက ၂၄ သိန်းကျော်အနက် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ဧက ၁၃ သိန်းကျော်ကို အထူးဇုန် နှစ်ဇုန်အဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ဒေသတွင်း ဖူလုံမှုမှတစ်ဆင့် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။
"ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ဒေသတွင်း ဖူလုံမှုကနေ ပြည်ပကို တင်ပို့နိုင်တဲ့အထိ ကြိုးပမ်းနေပါတယ်။ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်းမှာ ဆီထွက်သီးနှံ စုစုပေါင်း လျာထားဧက ၂၄ သိန်း ကျော်အနက် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ဧက ၁၃ သိန်းကျော်ကို အထူးဇုန်နှစ်ဇုန်အဖြစ် သတ်မှတ် အကောင်အထည်ဖော် ဆောင် ရွက်နေပါတယ်"ဟု ၎င်းကပြောသည်။
အလားတူ တိုင်းဒေသကြီးအတွင်း ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝါသီးနှံလျာထား ဧက နှစ်သိန်းခြောက် သောင်းကျော်ကို ဇုန်လေးဇုန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မိုးစပါး၊ မိုးဆီထွက်သီးနှံများမှာ သွင်းအားစုများအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ထုတ်ချေးသွားနိုင်ရေး အချိန်မီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် မိုးသီးနှံများ၏ ၅၂ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးဖြစ်၍ တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးခြင်းနှင့် အပင်ပြုစုခြင်းတို့ကို ဆောင်ရွက်နေကြကြောင်းသိရသည်။