နေပြည်တော်၊ မေ ၁၄
မန္တလေးမြို့ ငလျင်ဒဏ်သင့် အဆောက်အအုံများ ဖြိုဖျက်နေမှု ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေ ပြီဖြစ်ပြီး ပြင်ဆင်ရေးအပိုင်းတွင် ဘိလပ်မြေ လိုအပ်ချက်ကြောင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် မြို့ခံများထံမှ သိရသည်။
အိမ်ဆောက်ပစ္စည်း ဈေးကွက်အတွင်း ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀ ကျော်မှ ၄၀၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ကိုဖိုးခွားက ပြောသည်။
"ဖြိုတာဖျက်တာတွေ ပြီးရင်လည်း ဆောက်လုပ်ရေးကဏ္ဍက ဘယ်လိုလာမလဲ မသိသေးဘူး။ အခုထိလည်း အခြေအနေက မငြိမ်သေးတော့လေ။ တော်ရုံပြန်တည်ဆောက်ဖို့က ၁၀ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ ပြန်ပြီး ပြင်ဆင်တာက ရာခိုင်နှုန်း ၅၀ လောက်ပေါ့။ လုံလုံးလျားလျား ပြန်ဆောက်ဖို့က ဘိလပ်မြေဈေးက တစ်အိတ်ကို ၄၀၀၀၀ ကျော် ရှိတယ်။ အစားစားပေါ့။ ၃၀၀၀၀ ကျော်၊ ၂၀၀၀၀ ကျော်တန်တွေလည်း ရှိတယ်။ ဒါတောင် ဘိလပ်မြေက အတုထွက်သေးတာ။ အရင်တုန်းတစ်အိတ်မှာ ၈၅၀၀၊ ၁၂၀၀၀ လောက်ပဲရှိတာ။ ပတ်တီးအိတ်တွေဆိုရင် အရင်တုန်းက ၉၀၀၀၊ ၁၀၀၀၀ ပဲရှိတယ်။ အခု ၅၅၀၀၀ ရှိတယ်။ ပိုက်ဆံချမ်းသာတဲ့ လူလောက်ပဲ ပြန်ဆောက်နိုင်မှာ။ သာမန်လူတန်းစား ကတော့ အဖြစ်လောက်ပဲ ဆောက်နိုင်မယ်။ Steel Structure တွေ အလုပ်ပြန်ဖြစ်ရင်တော့ သံဈေးက တက်နိုင်တယ်"ဟု ၎င်းကပြောသည်။
လတ်တလော အခြေအနေအရ အဆောက်အအုံများ အသစ်ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းများ မပြုလုပ်နိုင်သေးဘဲ ပြင်ဆင်မှုလုပ်ငန်းများသာ လုပ်ကိုင်နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
"ကျွန်တော်တို့လည်း ဖျက်တာတို့၊ လိုအပ်တာလေးတွေ ပြင်တာဆင်တာတို့ လောက်ပဲ လုပ်နေရတယ်။ လုပ်လက်စဟာတွေတောင် နားထားရတာ။ အဆောက်အအုံ သစ်ဆောက်ဖို့ကတော့ မရှိသေး ဘူး။ ပြန်ဆောက်တာကတော့ မတွေ့ရသေးဘူး။ တိုင်ထောက်ထားတာတွေ တွေ့တယ်။ အင်ဂျင်နီယာ တွေ ငှားပြီးလုပ်နေကြတာ။ အသစ်ပြန်ဆောက်ဖို့ဆိုရင်တော့ Steel Structure နဲ့ ပြန်ဆောက်ချင်တဲ့ သူတွေများတယ်။ RC ကတော့ လန့်နေကြတယ်။ ဖြစ်တာကလည်း RC တွေချည်း ဖြစ်တာများတယ်"ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ငလျင်ဒဏ်သင့် အဆောက်အအုံများ ဖြိုဖျက်ရာတွင် သတိထားလုပ်ကိုင်နေရကြောင်း မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
"ကျွန်တော်တို့နေရာကလေတွေ၊ မိုးတွေပါတယ်။ တခြားနေရာတွေက မိုးသီးတွေ ဘာတွေကျ တယ်ပြောတယ်။ မန္တလေးကတော့ တိုက်တွေဖြိုတာ ရာခိုင်နှုန်း ၇၀ လောက်ပြီးနေပြီ။ ဖြိုတဲ့အဆင့်ပဲ ရှိသေးတယ်။ ဖြိုတာတောင် တစ်ဝက်တစ်ပျက်တွေ ကျန်သေးတယ်။ မိုးလေဝသ အခြေအနေအရေ တော့ ကြည့်ပြီး ဖြိုဖျက်နေကြတယ်။ ခြုံကြည့်ရင် ရာခိုင်နှုန်း ၃၀ လောက်တော့ ကျန်သေးတယ်။ တစ်ပိုင်တစ်နိုင် သူ့ဟာနဲ့သူတော့ ဖြိုနေကြတယ်။ ငလျင်ကလည်း သေးသေးလေးတွေ လှုပ်နေသေးတယ်။ ယာယီတဲတွေတောင် သိပ်မတွေ့ရတော့ဘူး။ ကျုံးဘေးပတ်လည်ကဟာတွေလည်း မတွေ့ တော့ဘူး"ဟု ၎င်းက ပြောသည်။
မေ ၁၁ ရက်က မိုးရွာသွန်းမှုကြာင့် မန္တလေးမြို့ ၂၆ ဘီ၊ လမ်း၈၀၊ ၈၁ လမ်းကြား၊ MPT ရုံးနှင့် ကပ်လျက်တိုက်တစ်လုံး ပြိုကျသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ဖြိုခ သက်သာသွားတယ်လို့ တောင်ပြောရမလား၊ အဆိုးထဲကအကောင်းလို့ ပြောရမှာပဲ။ သူ့ဘာသာပြိုသွားတော့ ဖြိုခမပေးရတော့ဘူး။ လမ်းသွားလမ်းလာတွေတော့ သတိထား သွားလာစေ ချင်တယ်။ အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေကနေ ပြောင်းတာရွှေ့တာတွေ လုပ်သင့်တယ်။ မိုး ရွာရင် အန္တရာယ်ရှိတယ်"ဟု ၎င်းကပြောသည်။
ထို့အပြင် မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် ဒက္ခိဏရာမ ဘုရားကြီးတိုက်၊ အလယ်တိုက် အဆောက်အအုံမှာလည်း မေ ၁၀ ရက်က မိုးရွာသွန်းမှုကြောင့် ထပ်မံပြိုကျသွားခဲ့ကြောင်း ဆရာတော် တစ်ပါးက မိန့်သည်။ မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့် အဆောက်အအုံတချို့မှ ဆိုလာ ပြားများ၊ အိမ်ခေါင်မိုးများ ပြုတ်ထွက်၍ လွင့်စဉ်မှုများလည်း ရှိကြောင်းသိရသည်။ ကွန်းဈာန်