၂၀၂၃၊ မတ်၊ ၂၈
မန္တလေးမြို့တွင် ရွှေသန့်စင်နှင့် မီးလင်းရွှေ အရောင်းဆိုင်သို့ ရွှေလာရောင်းချသူများ၏ငွေများအား ဓားပြတိုက်လုယူမှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်းတစ်ထောင်ကျော် ယူဆောင်သွားမှု မတ် ၂၇ ရက် ညနေငါးနာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ ၈၅ အေလမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေအရောင်းဆိုင်သို့ အမျိုးသားနှစ်ဦးမှ ရွှေများလာရောက်ရောင်းချခဲ့ပြီး ရွှေရောင်းရငွေ ကျပ်သိန်းတစ်ထောင့်ငါးရာကို ဆာလာအိတ်ငါးအိတ်ဖြင့်ထည့်ကာ ကားပေါ်သို့တင်နေစဉ် လုယက်မှုကျူးလွန်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့မှ ကားပေါ်ငွေအိတ်များတင်နေစဉ် အိမ်စီးကားတစ်စီး ရောက်ရှိလာပြီး ယင်းကားပေါ်မှ သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားသုံးဦးဆင်းလာကာ မိုးပေါ်ထောင်သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ အဆိုပါငွေထည့်ထားသည့် ဆာလာ အိတ် ငါးအိတ်အနက် ဆာလာအိတ်လေးအိတ်ကို ယူဆောင်သွားခဲ့ပြီး ငွေကျပ်သိန်းတစ်ထောင့်နှစ်ရာ ပါသွားခဲ့ကြောင်း သိရသည်။
