၂၀၂၄ ၊ ဇန်နဝါရီ ၃၁
လာမည့် ဖေဖော်ဝါရီ ၁၄ တွင် စတင်ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် တည်းခိုဆောင်များအား သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဟု မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ ပြောသည်။
ပွဲတော်ကာလအတွင်း ဘုရာဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ နားနေနိုင်ရန် စုစုပေါင်း တည်းခိုဆောင် ၁၀၀၀ ကျော် နှင့်ဈေးဆိုင်ခန်းပေါင်း ၈၀၀ ခန့်ကို ဆောက်လုပ်သွားမည်ဖြစ်ပြီး၊ ဈေးဆိုင်ခန်းများအား ပွဲတော်ရက်မတိုင်မီ ဖေဖော်ဝါရီ ပထမပတ်အတွင်း အပြီးဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
လတ်တလော မန်းချောင်းသောင် ပြင်တစ်လျှောက် တည်းခိုဆောင် အခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကာ ငှားရမ်းခနှုန်းထားများမှာ တစ်ရက်လျှင် အထူးခန်း VIP တည်းခိုဆောင် (ရေချိုးခန်းနှင့် အိမ်သာအပါ) ရေစပ်(ကမ်းစပ်)တစ်ခန်းလျှင် ငွေကျပ် ၁၀၀၀၀၀၊ ၈၀၀၀၀ ကျပ်နှုန်း၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းနှင့် ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်)တစ်ခန်းလျှင် ငွေကျပ် ၃၅၀၀၀ နှုန်း သတ်မှတ်ပေးထားသည်။
ထို့အပြင် လာရောက်လည်ပတ် ဖူးမြော်သူများသည် တည်းခိုနားနေရန် အခြားရွေးချယ်စရာအဖြစ် ဘုရားအနီး ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းရှိ တည်းခိုဆောင်များတွင်လည်း ညအိပ်အပန်းဖြေတည်းခိုနားနေနိုင်ကြောင်း သိရသည်။
ဘုရားဖူးပြည်သူများ သွားလာရေး အဆင်ပြေစေရန် မန်းချောင်းသောင်ပြင်၌ ယာယီဘေလီသံ ပေါင်တံတား (အထူးတံတား)တစ်စင်းအား ဆောက်လုပ်ပေးထားပြီး မင်ဘူး-ရွှေစက်တော်၊ တောင်ပေါ်-တောင်အောက် မော်တော်ယာဉ်လိုင်းများလည်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပုံမှန်အားဖြင့် ဇန်နဝါရီလမှစကာ ရက်ပေါင်း ၈၀ ကြာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ် မြန်မာလ ဝါထပ်သည့်အတွက် လာ မည့် ဖေဖော်ဝါရီ ၁၄ ရက်၊ တပို့တွဲလဆန်း ၅ ရက်မှစကာ တန်ခူးလ မြန်မာနှစ်ဆန်းတစ် ရက်အထိရက်ပေါင်း ၆၄ ကြာ ကျင်းပသွား မည်ဖြစ်သည်။