ရန်ကုန်၊ သြဂုတ် ၆
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၅ရက်က မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အရာရှိများနှင့် မြန်မာသံရုံးတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာသံရုံးနှင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စ၊ မလေးရှားနိုင်ငံ၏ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ထိန်းသိမ်းခံထားရသူများ၏ ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုဆိုင်ရာ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကလည်း မလေးရှားနိုင်ငံရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်က မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်အဖြစ်တာ ဝန်ယူခဲ့သူ ဦးစိုးကိုကိုက Selangor ပြည်နယ်ရှိ Sungai Buloh အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် မြန်မာနိုင်ငံသားသုံးဦးအား လည်းကောင်း၊ ဒီဇင်ဘာ ၄ ရက်တွင် Perak ပြည်နယ် Taiping အကျဉ်းထောင်မှ မြန်မာနိုင်ငံသား တစ်ဦးအားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပြီး အမှုအယူခံဝင်နိုင်မှု အခြေ အနေနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ၍ မြန်မာနိုင်ငံသားများအား စောင့်ရှောက်ပေးရေးနှင့် အယူခံဝင်နိုင်ရေးအတွက် ကူညီ ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။
ထို့အပြင် သံအမတ်ဦးစိုးကိုကိုက Penang ပြည်နယ်ရှိ Juru ထိန်းသိမ်း ရေးစခန်းမှ ထိန်းသိမ်းခံ ထားရသည့် မြန်မာ နိုင်ငံသား ၅၁ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် တွေ့ဆုံ၍ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထူးမြတ်