Breaking

မသမာသူလူတစ်စု၏ လုပ်ရပ်များကြောင့် နိုင်ငံကူးလက်မှတ် တိုးဝှေ့နေစဉ် ပြည်သူများထိခိုက်သေဆုံးဟု နစက ထုတ်ပြန်

၂၀၂၄၊ ဖေဖော်ဝါရီ ၂၁
    ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် နေ့စဉ်လူသောင်းချီ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တိုးဝှေ့နေကြောင်း ကောလာဟလ သတင်းအမှားများနှင့် မသမာသူတချို့၏ လုပ်ရပ်များကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရခြင်းသာဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ်ပြန်လိုက်သည်။
    ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးသည့်နောက် မန္တလေးတိုင်းဒေသကြီးတွင် လူငယ်များနှင့် ပြည်သူများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားသည့်အနေဖြင့်  နိုင်ငံကူးလက်မှတ်များ တိုးဝှေ့၍ပြုလုပ်နေကြကြောင်းနှင့် ဖေဖော်ဝါရီ ၁၉ ရက်က အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် လူသောင်းချီတိုး ဝှေ့ကြရာမှ အမျိုး သမီးနှစ်ဦး အသက်ရှူကျပ်၍ သေဆုံးခဲ့ကြောင်း ပြည်သူများနှင့် လူငယ်များအား အထင်အမြင် လွဲမှားဖွယ် သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာက ဝါဒဖြန့် လှုံ့ဆော်ရေးသားနေသည် ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
    ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက်တွင် ကောလာဟလသတင်း အမှားများဖြင့် လူငယ်လူရွယ်များအား အကြမ်းဖက် အဖွဲ့အစည်းများသို့ ဝင်ရောက်လာရန် စည်းရုံးသိမ်းသွင်းခြင်း၊ စစ်မှုထမ်းရမည်စိုး၍ ပြည်ပထွက်ခွာ အလုပ်လုပ်သည့် လူငယ်လူရွယ်များ ယခင်ကထက် ပိုမိုများ ပြားလာနေကြောင်း လူငယ်လူရွယ်များကို ထင်ယောင်ထင်မှား ဖြစ်လာပြီး လမ်းမှားရောက်စေမည့် ဝါဒဖြန့်လှုံ့ဆော်ရေးသားမှုများကို နေ့စဉ်နှင့်အမျှ ရေးသားဖြန့်ဝေလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    လူမှုကွန်ရက်တွင် သတင်းပျံ့နှံ့နေ သောဖြစ်စဉ်မှာ မသမာသူလူတချို့၏ လူအများ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ပြောဆိုမှုများကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Total Views ~ 366

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43967

© 2022 - 2025 News. All Rights Reserved.