မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခမဲ့ ဖူးမြော်ခွင့်ပြုသွားမည်ဟု နစက ဥက္ကဋ္ဌ ပြော

နေပြည်တော်၊စက်တင်ဘာ ၁

မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ အများပြည်သူများအား အခမဲ့ ဝင်ရောက်ဖူးမြော်ခွင့်ပြုသွားမည်ဟု နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးလိုအပ်ချက်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက သြဂုတ် ၃၁ ရက်မွန်းလွဲပိုင်းတွင် ဂေါပကအဖွဲ့ရုံး၌ ကျင်းပသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့စဥ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘုရားကြီးသို့ဝင်ရောက်ဖူးမြော်ရာတွင် ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲတမ်းစည်းကမ်းသတ်မှတ်ချက်များထုတ်ပြန်ခြင်းမပြုဘဲ ယာယီစည်းကမ်းသတ်မှတ်ချက်များဖြင့်သာဆောင်ရွက်သွားရမည်ဖြစ်ကာ ဘုရားကြီးသို့ဝင်ရောက်ရာတွင် ဘုရားဖူးလာပြည်သူများအ သက်သာဆုံးဖြစ်စေရေးနှင့်ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးရမည်ဟု ဆိုသည်။

ဘုရားကြီးဝင်းအတွင်း ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းထားဖြင့် ကောက်ခံသွားရန်လိုကြောင်း၊ ဘုရားကြီးဝင်းအတွင်း ကားပါကင်သို့ ဝင်ရောက်ရပ်နားမှုနှင့် ပတ်သက်၍ ကိုယ်ပိုင်ယာဉ်ငယ်များကိုသာ ဝင်ရောက်ခွင့်ပြုရန်လိုကြောင်း၊ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံနိုင်ရေး ဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဘုရားကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သည့်အတွက် ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လူအင်အား၊ဘဏ္ဍာရေးဆိုင်ရာ၊စီမံခန့်ခွဲမှုလိုအပ် ချက်များကို ရေရှည်အတွက် ယခု သုံးလတာကာလတွေ့ကြုံရမှုများအပေါ်တွက်ချက်၍ စီမံခန့်ခွဲဆောင်ရွက်သွားရမည်ဟု မှာကြားခဲ့သည်။

ဘုရားကြီးဝင်းအတွင်း ကင်မရာပါသည့်ဖုန်း၊အခြားဗီဒီယိုမှတ်တမ်းများရိုက်ကူးခြင်းနှင့်အပျော် တမ်းကင်မရာရိုက်ကူးခြင်းများကိုသာထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံသွားရမည်ဖြစ်ကာ ဘုရားကြီးဝင်းအတွင်း ကားပါကင်သို့ကိုယ်ပိုင်ယာဉ်ငယ်များကိုသာ ဝင်ရောက်ခွင့်ပြုရမည်ဖြစ်ပြီး ယာဉ်ရပ်နားခကို ထိုက်သင့်သည့်ရပ်နားခနှုန်းထားများအတိုင်းကောက်ခံသွားရမည်ဟု ဆိုသည်။

ထို့ပြင် ဘုရားဖူးလာဆရာတော်၊သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့်မသန်စွမ်းသူများကို ဘာဂီယာဉ်များနှင့်သယ်ယူပို့ဆောင်ပေးရမည်ဖြစ်ကာ ဘုရားကြီး၌ခန့်အပ်မည့် ဝန်ထမ်းများဖွဲ့စည်းခန့်အပ်တာဝန်ပေးရာတွင် စနစ်တကျဖြစ်စေရန် စီစစ်ခန့်အပ်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ဂန္ဓကုဋိတိုက်များအတွင်း အစားအသောက်များ စားသောက်မှုမရှိစေရေးဆောင်ရွက်ရမည်ဖြစ်ကာ အခြားဘုရားကြီးပရိဝုဏ်တော်အတွင်း သန့်ရှင်းသာယာမှုများရှိစေရေးစနစ်တကျဆောင်ရွက်ရမည်ဖြစ်ပြီး ဘုရားကြီးသို့ ဝင်ထွက်သည့်လမ်းများ စနစ်တကျရှိစေရေးနှင့်ကားရပ်ရန်နေရာများ စနစ်တကျရှိစေရေးတို့ကိုဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စတင်ဖူးမြော်ခွင့်ပေးခဲ့သည့်

သြဂုတ်လ ၈ရက်မှ ဩဂုတ်လ ၃၀ ရက်အထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ သံဃာတော် ၈,၂၄၁ ပါး၊ သီလရှင် ၁,၉၉၈ ပါး၊ လူပုဂ္ဂိုလ် ၃၂၇,၈၇၁ ဦး စုစုပေါင်း ၃၃၈,၁၁၀ ဦး လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Total Views ~ 241

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43777

© 2022 - 2025 News. All Rights Reserved.