Breaking

မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေအား ငွေကျပ် ၅၃၈ ဒသမ ၂၁ ဘီလီယံလျာထား

ရန်ကုန်၊ မေ ၂၇
    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး ပြည်နယ်အားလုံးအတွက် ငွေကျပ် ၅၃၈ ဒသမ ၂၁ ဘီလီယံ လျာထားကြောင်း သိရသည်။
    စိုက်ပျိုးစရိတ် ချေးငွေများကို မေ ၁၉ ရက်မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုရှိ စိုက်ဧကပေါင်း ၄၆၄၄၉ ဧကကို ငွေကျပ် ၆၁ ဒသမ ၆၁၉ ဘီလီယံ ထုတ်ချေးပေးထား ပြီးဖြစ်ကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေကို ကျပ်ဘီလီယံ ၁၄၀ နီးပါး၊ ၂၀၂၆ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ကျပ် ၁၀ ဘီလီယံ ထုတ်ချေးရန် လျာထားကြောင်း သိရသည်။
    အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ကို တောင်သူလယ်သမားများအနေဖြင့် ယခင်ကြွေးကျန် ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့် ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသိပေးထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် စိုက်ဧက လေးသန်းခွဲကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၂၃ ဒသမ ၁၄ ဘီလီယံကျော် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
    လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာနက ဆန်စပါးစိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုနည်းပညာ လေ့ကျင့်မှုများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ပံ့ပိုးဆောင်ရွက်ရန် စီစဉ်ထားကာ လုပ်ဆောင် ပေးနေကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မိုးစပါးဧက ၁၅ သန်းကျော် စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မိုးစပါး စိုက်ပျိုးရန် ဧက ၁၄ ဒသမ ၉၉ သန်းလျာထားကာ လျာထားချက်ထက်ပို၍ စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ် ပြန်ထားသော အချက်အလက်များအရ သိရသည်။  သက်မှူး

Total Views ~ 108

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48990

© 2022 - 2025 News. All Rights Reserved.