ရန်ကုန်၊ မေ ၇
ပြည်သူအများဆုံး အသုံးပြုသည့် မီးပွိုင့်နေရာများအား ဆိုလာစနစ် ဦးစားပေး တပ်ဆင်ရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီနှင့်ဆပ်ကော်မတီ လေးခုတို့၏ ညှိနှိုင်းအစည်းအဝေးကို မေလ ၃ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ(၃)တွင် ပြုလုပ်စဉ် အထက်ပါအတိုင်း ရန်ကုန်တိုင်းဝန် ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့အပြင် YBS ယာဉ်လိုင်းများ အားလုံး CCTV နှင့် Telematics စနစ်များ မဖြစ်မနေတပ်ဆင်ရန်၊ YBS ယာဉ်များ ကြံ့ခိုင်မှုရှိရေး စစ်ဆေးကြရန်၊ လမ်းညွှန်အမှတ် အသားများ၊ အချက်ပြစနစ်များ၊ ဆိုင်းဘုတ်များ ဆောင်ရွက်ကြရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း ယာဉ်မောင်းများအား အမှန်တကယ် ကျွမ်းကျင်စွာမောင်းနိုင်မှ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန်၊ တိုင်းဒေသကြီးအတွင်း ပြင်ပမြို့ နယ်များရှိ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ ပညာပေးကာလ ကျော်လွန်လာပြီဖြစ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေ ရေးဆောင်ရွက်ရန်၊ လူကူးခုံးကျော်တံတားများအား အသုံးပြုရေး အသိပညာပေးခြင်း ဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် လူသေပျောက်မှုမရှိရေး ဝိုင်းဝန်းစဉ်းစားပြီး ဆောင်ရွက်ကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။