Breaking

မူလ ဈေးသူဈေးသားများအား ပြန်လည်နေရာချထားမည့် မင်္ဂလာဈေးသစ် မြေအောက်နှစ်ထပ်နှင့် မြေပေါ်ငါးလွှာ တည်ဆောက်မှု ၇၁ ရာခိုင်နှုန်းပြီးစီး

၂၀၂၄၊ မတ် ၁၂
    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေးသစ်တည်ဆောက်မှုတွင် မူလဈေးသူဈေးသားများအား ပြန်လည်နေရာချထားမည့် မြေအောက်နှစ်ထပ်နှင့် မြေပေါ် ငါးလွှာတည်ဆောက်ခြင်းလုပ်ငန်း ယခုအခါ ၇၁ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ သတင်း ထုတ်ပြန်ထားသည်။
    အဆိုပါ မင်္ဂလာဈေးသစ်အား ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဈေးသစ်မြေညီ ထပ်နေရာတွင် အဆင့်မြင့်ဈေးဆိုင်ခန်းများ၊ ဘဏ်များနှင့် စားသောက်ဆိုင်များ၊ မြေအောက်ထပ်(Basement) နှစ်ထပ်အပါအဝင် အထပ်မြင့် ခြောက်ထပ်မှ ၁၃ ထပ်အထိ ယာဉ်အစီးရေ ၇၀၀ ကျော်ရပ်နားနိုင်မည့် ယာဉ် ရပ်နားရန်နေရာများ၊ အထပ်မြင့် ကိုးထပ်နှင့် ၁၀ ထပ်တွင် ဆိုင်ခန်း များနှင့် ကုန်လှောင်ရုံများ၊ အထပ်မြင့် ၁၁ ထပ်မှ ၁၃ ထပ်အထိ ရုံးခန်းများစသည်ဖြင့် ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
    ယခင်မင်္ဂလာဈေး မီးလောင်မှုကြောင့် ဈေးအတွင်းဆိုင်ခန်းများ ငှားရမ်းကာ ရောင်းချနေကြသည့် ဈေးသူ၊ ဈေးသားများအတွက် မြေညီထပ်မှ အထပ်မြင့် လေးထပ်အထိ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ဆိုင်ခန်းနေရာများ စီမံခန့်ခွဲကာ ပြန်လည်နေရာချထားပေးမည်ဖြစ် ကြောင်း YCDC မှ သတင်းထုတ်ပြန်ထားသည်။
    လက်ရှိတွင် တည်ဆောက်ရေး လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မတ်လ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိ သူများက မင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းခွင်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရန်ကုန်မြို့ တော်ဝန်က သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။  

 

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43953

© 2022 - 2025 News. All Rights Reserved.