၂၀၂၄ ၊ ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ သံလွင်မြစ်အတွင်း ပထမဆုံး အပန်းဖြေအပျော်စီး သင်္ဘောခရီးစဉ်ကို ဒီဇင်ဘာ ၂၉ ရက်မှ စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း Harmony River Cruise သင်္ဘောမှ သိရသည်။
Harmony River Cruise ၏ လုပ်ငန်းတာဝန်ရှိသူတစ်ဦးက "ဒီအပန်းဖြေ ခရီးစဉ်ကို သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်စီစဉ်ထားပါတယ်။ လာတဲ့ Customer တွေရဲ့အချိန်ရော၊ ငွေရောတန်အောင် ဆောင်ရွက်ပေးထားပါတယ်"ဟု ပြောကြာခဲ့သည်။
ခရီးစဉ်ကို မော်လမြိုင်မြို့ ကမ်းနားလမ်း ထားဝယ်တံတားမှ စတင်ထွက်ခွာ၍ သံလွင်မြစ်အတွင်း ရှုခင်းများကိုကြည့်ရှု ခံစားနိုင်ရန်အတွက် သင်္ဘောကို နှစ်နာရီကြာ ခုတ်မောင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ သံလွင်မြစ်အလှနှင့်အတူ တောင်တန်း၊ စေတီပုထိုးများ၊ ယာခင်းတောများ၊ တစ်နိုင်တစ် ပိုင် ငါးဖမ်းလှေများ၊ နေဝင်ချိန်အလှအပ များကိုခံစားရမည်ဖြစ်ကာ ဘီလူးကျွန်းသို့သွားသည့် တံတားနှင့် မုတ္တမသို့ကူးသည့် တံတားများအောက်မှ ဖြတ်သန်းမောင်းနှင် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အတွင်း Unplugged အစီစဉ်များနှင့်အတူ အစားအသောက်ဘူဖေး ပါဝင်မည်ဖြစ်ကာ လက်မှတ်တစ်စောင်လျှင် လူကြီးတစ်ဦးကျပ် ၂၀၀၀၀ နှင့် (၁၀)နှစ် အောက်ကလေး ငယ်များအတွက် ငွေကျပ် ၁၅၀၀၀ ကျသင့်မည်ဖြစ်ပြီး အပျော်တမ်း လိုက်ပါစီးနင်းလိုပါက တစ်ဦး ကျပ် ၅ç၀၀၀ သတ်မှတ်ထားကြောင်း၊ လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် ကမ်းနားလမ်း၊ စစ်ကဲကုန်းရပ် ထားဝယ်တံတား၌ ဝယ်ယူနိုင်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် လည်း ဘိုကင်ယူထားနိုင်ပြီး မင်္ဂလာပွဲများ၊ ကုမ္ပဏီနှင့် အဖွဲ့စည်းများ၏ ညစာစားပွဲများ စသည့် အစီစဉ်များ ဆောင်ရွက်လိုပါက သင်္ဘောကို စင်းလုံးငှားအစီစဉ်များဖြင့် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။