၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့်လုပ်ငန်း ဖြစ်ပြီး မဲစာရင်းပြည့်စုံမှန်ကန် ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ရွေးကောက်ပွဲမကျင်းပမီအထိ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားလိုက်သည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အသီးသီးတို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ထို့အပြင် သင်တန်းသားများအနေဖြင့် ရွေးကောက်ပွဲနှင့် ရုံးလုပ်ငန်းတာဝန်နှစ်ခု တစ်ပြိုင်တည်း ထမ်းဆောင်ကြရမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်အချက်များ၊ ရွေးကောက်ပွဲကော်မရှင်၏ ရုံးလုပ်ငန်းပိုင်းဆိုင်ရာများကို သိရှိထားရန် လိုအပ်သည့်အတွက် သင်တန်းဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများကို မြို့နယ်ရွေးကောက်ပွဲ အရာရှိတာဝန်ပေးအပ် မည်ဖြစ်ပြီး အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များခန့်အပ်ပြီးသည့်အခါ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဖြစ်လာမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအရာရှိအနေဖြင့် ရုံးတာဝန်၊ အတွင်းရေးမှူးအနေဖြင့် ရွေးကောက်ပွဲတာဝန်တို့ကို ထမ်းဆောင်ရ မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။
ရွေးကောက်ပွဲ ကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီနှင့် မဲဆန္ဒရှင်ပြည်သူ သုံးဦးသုံးဖလှယ် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ အောင်မြင်ရန်အတွက် ကော်မရှင်က အဓိကကျပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြောဆိုဆက်ဆံရေးပိုင်းတွင်လည်း အများလေးစားယုံကြည်၍ အားလုံးနှင့် အဆင်ပြေစွာ ပြောဆိုလုပ်ကိုင်ကြရန်လိုကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ၁၇ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၂၉ ရက်အထိ ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။