Breaking

မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေး (၁၈)နှစ်ပြည့် လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူမှု (ပထမ မူကြမ်း)နှင့် (ဒုတိယမူကြမ်း) လူဦးရေစာရင်းများရရှိထား 

ရန်ကုန်၊ ဇွန် ၁၈ 
    မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် (၁၈) နှစ် ပြည့်ပြီးသည့် လူဦးရေမြေပြင်ကွင်းဆင်း ကောက်ယူမှု လူဦးရေစာရင်း (ပထမမူကြမ်း) နှင့် (ဒုတိယမူကြမ်း)တို့ကို လက်ခံရရှိထားကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားလိုက်သည်။
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက်တွင်  စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ရာ UEC ဥက္ကဋ္ဌက ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက မဲစာရင်းပြုစုရာ၌ မှန်ကန်စေ ရန် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် မြေပြင်ကွင်းဆင်းကောက်ယူရေး ဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရေး ဗဟိုကော်မတီမှ အသက် (၁၈)နှစ် ပြည့်ပြီးသည့် လူဦးရေစာရင်းများကို ကော်မရှင်သို့ ပေးပို့လျက်ရှိရာ လူဦးရေစာရင်း (ပထမမူကြမ်း)နှင့် (ဒုတိယမူကြမ်း)တို့ကို လက်ခံရရှိပြီးဖြစ်ကြောင်း UEC ဥက္ကဋ္ဌဦးကိုကိုက ပြောကြားခဲ့သည်။
    ထို့အပြင် အဆိုပါရရှိသည့် စာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲခြင်းစနစ် (Admin and DEO Software) နှင့် ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (Central Voter List Management System) တို့ကို အသုံးပြုပြီး မြို့နယ်အလိုက် မဲရုံတစ်ခုချင်းစီအထိ စာရင်းထည့်သွင်းခြင်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှု စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို  မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်များ အသုံးပြုရာမှ ရရှိလာသည့် အတွေ့အကြုံများ၊ အခက်အခဲများ၊ မဲစာရင်းပြုစုရေးနှင့် သက်ဆိုင်သည့် နည်းပညာများကို ရှင်းလင်းဆွေးနွေးမျှဝေနိုင်ရန်နှင့် နည်းပညာအသုံးပြု၍ မဲစာရင်းများ မှန်ကန်စေရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ  တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    အလုပ်ရုံဆွေးနွေးပွဲတွင် လူဦးရေ စာရင်းနှင့် သက်ဆိုင်သည့် File ၊ Folder များ စီမံခန့်ခွဲခြင်း၊ e-ID လူဦးရေ စာရင်းများကို စစ်ဆေးခြင်းနှင့် သန့်စင်ခြင်း၊ လူဦးရေ စာရင်းများကို Admin and DEO Software များ အသုံးပြု၍ ပြုစုခြင်းနှင့် ထည့်သွင်းခြင်း၊ ဗဟိုမဲဆန္ဒရှင် စာရင်းစီမံခန့်ခွဲမှုစနစ် CVLMS သို့ ထည့်သွင်း ခြင်းနှင့် ပြန်လည်စစ်ဆေးခြင်း၊ ထည့်သွင်းပြီး စာရင်းများနှင့် ထပ်မံရောက်ရှိလာသည့် စာရင်းများကို တိုက်ဆိုင်စိစစ်ခြင်း စသည့်လုပ်ငန်းများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားရန်လိုသကဲ့သို့ စနစ်များ အသုံးပြုရာ၌ မှားတတ်သောအမှားများကို လက်တွေ့ချပြ ရှင်းလင်းဆွေးနွေးသွားရန် လိုမည်ဖြစ်ကြောင်း၊ သို့မှသာ ကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများအနေဖြင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ပြီး မဲစာရင်းများပြုစုရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။

Total Views ~ 216

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43875

© 2022 - 2025 News. All Rights Reserved.