ရန်ကုန်၊ စက်တင်ဘာ ၄
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် ingo PEACE. မှ ဆေးဝါးများနှင့် ဆေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းဒေါ်လာ လေးသိန်းခုနစ်သောင်းကျော် လှူဒါန်းပေး အပ်ပွဲအခမ်းအနားကို စက်တင်ဘာ လ ၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ကျင်းပခဲ့သည်။
(မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ) ဦးမျိုးဇင်ဦးက "ကျွန်တော်တို့က ဂျပန်နိုင်ငံက မိတ်ဆွေတွေနဲ့ အမြဲတမ်းအဆက်အသွယ်ရှိတဲ့ အခါကြတော့ ဂျပန်နိုင်ငံမှာ ingo PEACE. ကို တည်ထောင်တာ သိရတယ်။ မြန်မာနိုင်ငံ အတွက်ကိုလည်း လှူဒါန်းပေးပါ။ စဉ်စားပေးပါလို့ပြောတဲ့အခါ ကြတော့ အားလုံးနဲ့ ဆွေးနွေးပြီးတော့ အခု လို လှူဒါန်းမှု အစီအစဉ်လေးဖြစ်လာတာပါ။ လှူဒါန်းတဲ့အခါကြတော့ မြန်မာနိုင်ငံက ကြက်ခြေနီအသင်းနဲ့ သင့်တော်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ချိတ်ဆက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်ပြီး လှူဒါန်းတာဖြစ်ပါတယ်။ တန်ဖိုးကလည်း ဒေါ်လာလေးသိန်းခုနစ်သောင်းကျော် ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်"ဟု ပြောကြား ခဲ့သည်။
ဆက်လက်ပြီး အလှူရှင် ingo PEACE. မှ S.M. NAZRUL ISLAM က လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဂုဏ်ပြုစကားပြောကြားခဲ့ကာ လှူဒါန်းခြင်း အထိမ်းအ မှတ်လက်မှတ်ရေးထိုး ကြပြီး ingo PEACE. မှ S.M. NAZRUL ISLAM က ကန်ဒေါ်လာ လေးသိန်းခုနစ် သောင်းကျော်တန်ဖိုးရှိ ဆေးဝါးများနှင့် ဆေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေး အပ်လှူဒါန်းရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံ ရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အချိန်ပြည့်၊ အချိန်ပိုင်းအလုပ်အမှု ဆောင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ Multi Sector Supporting Organization For Road Safety(MORS)? Myanmar Automo-bile Development Public Co, Ltd (MADP)? Myanma Automobile Manufacturer & Distributor Association (MAMDA) နှင့် ingo PEACE. တို့မှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ သက်မှူး