၂၀၂၃ မတ် ၁၃
မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း၏ (၆) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သည်စက်မှုအသင်းချုပ်၏ ညီနောင်အသင်းဖြစ်သည့် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း၏ (၆) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင်ကျင်းပခဲ့ခြင်းဖြစ်သည်။အသင်းကို ၂၀၁၇ ခုနှစ်တွင် နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် စတင်တည်ထောင်ခဲ့ပြီး အသင်းဝင်အများစုမှာ သံနှင့် သံမဏိတင်သွင်းသူများဖြစ်သည်။

မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင့်က အသင်းအနေဖြင့် သံနှင့်သံမဏိ စံချိန်စံညွှန်းရေးဆွဲရာတွင် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပမှတင်သွင်းလာသော စံချိန်စံညွှန်းဖြင့်ကိုက်ညီမှုရှိသည့် အရည်အသွေးနိမ့် သံနှင့်သံမဏိ ပစ္စည်းများကို စစ်ဆေး၊ ထိန်းချုပ်၊ ကာကွယ်နိုင်မည့် Myanmar Industrial Standard (MIS) အမြန်ဆုံးပေါ်ပေါက်လာရေးအတွက် အသင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် တစ်ဦးတစ်ယောက်ချင်းစီ၏ အကျိုးစီးပွားထက် အများ၏ အကျိုးစီးပွားကို အသင်းအနေဖြင့် ဖော်ဆောင်နိုင်ရန်၊ ကိုယ်စားပြုနိုင်ရန် အရေးကြီးကြောင်း၊ အသင်းအနေဖြင့် သံမဏိလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမည့် အင်အားစုစည်းခြင်း၊ သတင်းအချက်အလက်များ ပေါင်းစပ်ညှိနှိုင်းခြင်းများကို ဆောင်ရွက်သွားရန်လိုအပ်ပြီး ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ညီနောင်အသင်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သံမဏိလုပ်ငန်းရှင်များအသင်းသည် စွမ်းဆောင်ရည်ပြည့်ဝသည့် အင်အားစုများဖြင့် စုစည်းထားသည့် အသင်းဖြစ်သည့်အတွက် သံမဏိလုပ်ငန်းများ၏ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍမှ သံထုတ်လုပ်နိုင်မှုမှာ ၅ ရာခိုင်နှုန်းသာရှိပြီး ပြည်တွင်း သံနှင့်သံမဏိပစ္စည်း လိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းသည် ပြည်ပမှတင်သွင်းနေရခြင်းဖြစ်သည်။