၂၀၂၄ ၊ ဇန်နဝါရီ ၂၃
မြန်မာနိုင်ငံတွင် ငွေကြေးလိမ်လည်မှု ဖြေရှင်းဆောင်ရွက်ရာ၌ ဒေသတွင်း နိုင်ငံများကဲ့သို့ Anti-Scam Centre များ မဖွင့်လှစ်နိုင်သေး၍ လိမ်လည်မှုများကို ထိရောက်စွာ ကိုင်တွယ်မဖြေရှင်းနိုင်သေးသည့်အတွက် ဆိုက်ဘာလုံခြုံရေးဥပဒေကို မူကြမ်းအဆင့်မှ အတည်ပြုနိုင်ရေး ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်ရှိ Hiltol Hotel ၌ ပြုလုပ်သည့် မိုဘိုင်း ပေးချေမှုလမ်း ကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာ ပေးဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများမှ ငွေကြေးလိမ်လည်မှု ဖြေရှင်းဆောင်ရွက်ရာမှာ ဒေသတွင်းနိုင်ငံများနည်းတူ Anti-Scam Centre များ ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့အတွက် ဒီမှုခင်းတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးတာကိုလည်း တွေ့ကြရပါတယ်"ဟု ဦးဝင်းရှိန်က ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများကို ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ၂၀၀၄ နှင့် ဆက်သွယ်ရေးဥပဒေ ၂၀၁၃ များနှင့်သာ အရေးယူဆောင်ရွက်နိုင်သေးခြင်းဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေကိုအတည် ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေကို ရေးဆွဲလျက်ရှိပြီးတော့ အခုချိန်မှာ မူကြမ်းအဆင့်ကနေ အတည်ပြုနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားသည်။
၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၁၆၁ ခုရှိပြီး နိုင်ငံခြားသား ၁၃ ဦးအပါအဝင် စုစုပေါင်းတရားခံ ၂၀၂ ဦး၊ ၂၀၂၃ ခုနှစ်တွင် အမှုပေါင်း ၂၂၁ ခုရှိပြီး နိုင်ငံခြားသား ၅၃ ဦးအပါအဝင် စုစုပေါင်းတရားခံ ၁၃၂ ဦးရှိခဲ့ ပြီး နှစ်စဉ်လိမ်လည်မှုဖြစ်စဉ်များ တိုးပွားလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းလိမ်လည်မှုအနေဖြင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းတွင် လိမ်မှုအဖြစ် ကျပ်သိန်းပေါင်း ၁၅ç၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံသားများ၏ နှစ်အလိုက် ငွေကြေးလိမ်လည်မှုသည် ကျပ်သိန်း ၁၂၀၀၀ ကျော်အထိ လှုပ်ရှားလိမ် လည်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရုံးလုပ်ငန်းစဉ် များကို မဆောင်ရွက်လိုသည့်အတွက် တရားခံများကို မတိုင်ကြားသည့် အမှုများလည်း ရှိနေသေးကြောင်း သိရသည်။
"နိုင်ဂျီးရီးယားရဲ့ နှစ်အလိုက်ငွေ ကြေးလိမ်လည်မှုဆိုရင် သိန်းပေါင်း ၁၂၀၀၀ ကျော် သူတို့လှုပ်ရှား လိမ်လည်သွားခဲ့တာကို အားလုံးဖော်ထုတ်ရရှိခဲ့တဲ့ စာရင်းတွေဖြစ်ပါတယ်။ ဆက်သွယ်မှု မှုခင်းတွေကို ပြည်သူလူထုကြားမှာ တကယ်ထဲထဲဝင်ဝင်ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ ဒီစာရင်းဇယားတွေထက် များစွာပိုနေလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ လိမ်လည်ခံရတဲ့ ငွေပမာဏကနည်း တာရယ်၊ ရဲစခန်းတွေမှာ၊ တရားရုံးတွေမှာ အချိန်မပေးချင်တာရယ်၊ ဒါကြောင့်မို့ ဥပဒေအရ နစ်နာသူတွေက တရားလို ပြုလုပ်ခြင်း မရှိတဲ့မှုခင်းတွေလည်း များစွာရှိနေမယ်လို့ ထင်ပါတယ်။ မြန်မာကျပ်ငွေ ငါးဘီလီယံနဲ့ အထက်လောက်တော့ ဆုံးရှုံးခဲ့မယ်လို့ ခန့်မှန်းပါတယ်"ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာန ဌာနမှူး ရဲမှူးကြီးညွန့်ဝေက ပြောကြားသည်။
လက်ရှိတွင် အွန်လိုင်းလောင်းက စားနှင့် ပတ်သက်သည့်အမှုများကိုလည်း တစ်နေ့လျှင် ၁၀ မှုမှ ၁၅ မှုအထိ ဖြေရှင်း နေရပြီး အွန်လိုင်းလောင်းကစားမှုနှင့် သက်ဆိုင်သည့် SIM Card များပိတ်သိမ်းလျက်ရှိရာ လက်ရှိအချိန်အထိ SIM Card ပေါင်း ၈၈၁ ခုအထိ ပိတ်ချထားကာ ပိတ်သိမ်းမှုများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။