Breaking

မြန်မာနိုင်ငံတွင် ၁၀ နှစ်တာ ကာလအတွင်း မီးလောင်မှုကြောင့် ငွေကျပ် ၁၈၇ ဘီလီယံကျော်ဆုံးရှုံးခဲ့ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

ရန်ကုန်၊ မေ ၇
    မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ၁၈၇ ဘီ လီယံကျော်ရှိကြောင်းနှင့် နိုင်ငံတစ်ဝန်းလုံး ပျမ်းမျှအားဖြင့် တစ်နှစ်အကြိမ်ရေ ၁၈၀၀ ခန့် မီးလောင်မှု ဖြစ်ပွား၍ ဆုံးရှုံးမှုကလည်း တစ်နှစ်လျှင် ၁၈ ဘီလီယံကျော် ဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက (၇၈) ကြိမ်မြောက် မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့နေ့ အခမ်းအနား တွင် ပြောကြားခဲ့သည်။
    ထို့အပြင် ကမ္ဘာ့ရာသီဥတုဖောက် ပြန်ပြောင်းလဲမှုနှင့်အတူ နိုင်ငံအလိုက် လူဦးရေတိုးပွားလာမှုများနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မီးလောင်မှုများလာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နှစ်စဉ်မီးလောင်မှုအကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြို တင်ကာကွယ်ရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌက ပြောကြားသည်။
    မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မီးသတ်ဦးစီးဌာန၏ Website စာမျက်နှာမှတစ်ဆင့် Live ထုတ်လွှင့်ပြသခြင်း၊ Update သတင်းများ တင်ပြထုတ်လုပ်ခြင်းများသည်လည်း ထိရောက်သည့် အသိပညာပေး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့်အတွက် ဆက်လက်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ပြည်သူများအနေဖြင့် လည်း မီးဘေးအန္တရာယ်က ကင်းဝေးအောင် အသိ၊ သတိနှင့် မပေါ့မဆကြဘဲ ကြိုတင်ကာကွယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဒုဥက္ကဋ္ဌက မှာကြားခဲ့သည်။
    ဆက်လက်၍ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ လှုံ့ဆော်ပညာပေးမှုအစီအစဉ်များ ထုတ်လွှင့်ပေးခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ထည့်သွင်းဖော်ပြခြင်း၊ ပညာပေးစာစောင်များ၊ လက်ကမ်း စာဆောင်များ ဖြန့်ဝေပေးခြင်း၊ မြို့‌ပေါ်ရပ်ကွက်များသာမက ကျေးလက်ဒေသအထိ ကွင်းဆင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရ မည့်အချက်များ စသည်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လုပ်ဆောင်ပေးရန်လိုကြောင်း ဒုဥက္ကဋ္ဌက ဖြည့်စွက် ပြောကြားသည်။

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43930

© 2022 - 2025 News. All Rights Reserved.