Breaking

မြန်မာနိုင်ငံတွင်း စစ်ပွဲများ မမြင်တွေ့လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

ရန်ကုန်၊ သြဂုတ် ၁၃
    မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မိမိတို့မတွေ့မြင်လိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေ ဆောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ AFP သတင်းဌာန၏ မေးမြန်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
    တရုတ်သံရုံး၏ ထုတ်ပြန်မှုအရ AFP သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr.Deng Xijun သည် နေပြည်တော်သို့ ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံအစိုးရ မီဒီယာက သတင်းဖော်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံ၌ နောက်ထပ်တစ်ကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကျင်းပ၍ မြန်မာနိုင်ငံအစိုးရနှင့် လက်နက်ကိုင်သုံးဖွဲ့အား ညှိနှိုင်းပေးရန် စီစဉ်ထားသော်လည်း အစိုးရဘက်က တက် ရောက်ရန် လူမစေလွှတ်ဟု သိရှိရကြောင်း၊ တရုတ်နိုင်ငံဘက်က အဆိုပါကိစ္စကို အတည်ပြုပေးနိုင်ပါသလားဟု မေးမြန်းခဲ့ကြောင်း သိရသည်။
    မေးမြန်းမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ms. Mao Ning က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေပြောင်းလဲလာမှုကို အမြဲတစေများစွာ ဂရုပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို  မိမိတို့မတွေ့မြင်လိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေ ဆောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ပါကြောင်း၊ မိမိတို့သည် အမြဲတစေ မိမိတို့၏ နည်းလမ်းဖြင့် မြန်မာနိုင်ငံ ဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက်တက်တက်ကြွကြွ တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထူးမြတ်

Total Views ~ 304

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43824

© 2022 - 2025 News. All Rights Reserved.